တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား (၅) သိန်းသယ်လာသည့် အမျိုးသား (၂) ဦးကို ဖမ်းမိ

တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား (၅) သိန်းသယ်လာသည့် အမျိုးသား (၂) ဦးကို ဖမ်းမိ
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့ ည (၁၂)နာရီ ဝန်းကျင်က စိတ်ကြွရူးသွပ်ဆေးပြား (၅) သိန်းကို သယ်ဆောင်လာသည့် အမျိုးသား (၂)ဦးအား ဖမ်းဆီးရမိထားကြောင်း သိရသည်။

ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ပုံလို့လမ်း၊ ရွှေမြေသာယာဈေးအနီးတွင် ပုံလို့လမ်းဘက်မှ ရွှေမြေသာယာဈေးလမ်းသွယ်လို့ ကျနူး (ခ) ယာခါးမောင်းနှင်လာသည့် Toyota Hilux Vigo Champ အဖြူရောင် မော်တော်ယာဉ်နှင့် ဇော်မင်းထွန်းမောင်းနှင်လာသည့် Honda Wave I 110 ဆိုင်ကယ်တို့အား စစ်ဆေးရန် တားဆီးစဉ် မော်တော်ယာဉ်မောင်းက ထွက်ပြေးရန်ကြိုးစားခဲ့သဖြင့် လုံးထွေးဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ယင်းနောက် ဆိုင်ကယ်နှင့် Vigo ယာဉ်တို့ကို ရှာဖွေရာ မော်တော်ယာဉ်နောက်ခန်းတွင် တင်လာသည့် ဆာလာအိတ်များအတွင်းမှ စိတ်ကြွဆေးပြား (၅) သိန်းပြားကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် ကျနူး(ခ) ယာခါးနှင့် ဇော်မင်းထွန်းတို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၆/၂၀၂၁၊ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးများ ဖမ်းဆီးရမိရေးအတွက် ခရိုင်ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်မှုဖြင့် တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးခေါင်းဆောင်သည့် မြို့မရဲတပ်ဖွဲ့ဝင်များက သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။