မိုင်းဆတ်မြို့နယ် ပိန်းခမ်းရွာ စိမ့်စမ်းရေသွယ်လုပ်ငန်း လုပ်ကိုင်ခွင့်ရကုမ္ပဏီက ခွင့်ပြုငွေ၏ (၁၀) ရာခိုင်နှုန်းဖြင့် ရွာသားများကို ကိုယ်ထူကိုယ်ထလုပ်ဆောင်ခိုင်းဟုဆို

မိုင်းဆတ်မြို့နယ် ပိန်းခမ်းရွာ စိမ့်စမ်းရေသွယ်လုပ်ငန်း လုပ်ကိုင်ခွင့်ရကုမ္ပဏီက ခွင့်ပြုငွေ၏ (၁၀) ရာခိုင်နှုန်းဖြင့် ရွာသားများကို ကိုယ်ထူကိုယ်ထလုပ်ဆောင်ခိုင်းဟုဆို
မတ် 25, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မိုင်းယွန်းကျေးရွာအုပ်စု၊ ပိန်းခမ်းကျေးရွာတွင် စိမ့်စမ်းရေသွယ်ယူရေးအတွက် နိုင်ငံတော်က လုပ်ငန်းခွင့်ပြုငွေ ကျပ်(၄၃)သိန်းချထားပေး၍ ကိုယ်ထူကိုယ်ထလုပ်ကြရန်ဟု  လုပ်ကိုင်ခွင့်ရကုမ္ပဏီက ကျေးရွာလူထုအား အသိပေးလုပ်ကိုင်စေပြီးနောက် သက်ဆိုင်ရာဌာနက ဆိုင်းဘုတ်လာထောင်မှ လုပ်ငန်းခွင့်ပြုငွေ ကျပ် (၄၃) သန်းခွင့်ပြုထားသည်ကို တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။



" (၃) လပိုင်း၂၀၂၁ မှာ  ပိန်းခမ်းရွှေပန်းပွင့်ကုမ္ပဏီက  ပိန်းခမ်းရွာ စိမ့်စမ်းရေသွယ်ယူရန်အတွက် ၂၀၂၀-၂၀၂၁ နတလ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေ (၄၃) သိန်းကျပ်ခွင့်ပြုပေးခဲ့ပြီဖြစ်ပြီး ခွင့်ပြုငွေနည်းနေ၍ ဒီ (၄၃) သိန်းကို ကိုယ်ထူကိုယ်ထ ရေသွယ်ယူရန် ကုမ္ပဏီကနေ (ရွာ)အုပ်ချုပ်ရေးမှူးကို ပြောပါသည်။ အုပ်ချုပ်ရေးမှူးလည်း ရွာမှာရေရတော့မယ်ဆိုပြီး ဝမ်းသာစွာဖြင့် (၄၃) သိန်းနဲ့ ကိုယ်ထူကိုယ်ထ ရေသွယ်ယူမယ်လို့ ပြန်ပြောပါသည်။ (၄၃) သိန်းကို ရေပိုက်ဝယ်မလောက်လို့ ရွာပိုင် ပိုက်အဟောင်းကို ‌‌မြောက်များစွာယူသုံးရပြီး ရွာကလူအင်အား (၉၇) ယောက်ကို ပုံမှန်နေ့တိုင်း မြေတူး၊ ရေသွယ် (၁၀) ရက် ကြာခဲ့ပါသည်။ လူဦးရေနည်းသောအိမ်ဆို ဘတ် (၂၀၀) ပေးပြီး လူငှားပေးရပါသည်။ ပျက်ကွက်သော အိမ်က ဘတ် (၂၀၀) ဒဏ်ငွေဆောင်ရပါသည်။ (၁၀) ရက်ကြာပြီးနောက် ရေလှောင်ကန်ကို ရေသွယ်ယူခြင်းအောင်မြင်ခဲ့ပါသည်။ ရေလှောင်ကန်ကနေ ကိုယ့်အိမ်ထိရေရဖို့အတွက် ကိုယ့်ကို ရေပိုက်ဝယ်ရမှာဖြစ်ပြီး နတလ ခွင့်ပြုငွေကုန်ပြီဟု အုပ်ချုပ်ရေးမှူးက ရွာသားကိုပြောပါသည်။  ရေလှောင်ကန်ရေရောက်ပြီဖြစ်ကြောင်း သတင်းရရှိလို့ မိုင်းဆတ် နတလ ဦးစီးမှူး သွားရောက်စစ်ဆေးချိန်မှာပဲ ဆိုင်းဘုတ်နဲ့အတူ လာစိုက်ထူလို့ ခွင့်ပြုငွေ (၄၃) သိန်းမဟုတ်ဘဲ (၄၃) သန်းကျော် ဖြစ်နေသည်ဟု အုပ်ချုပ်ရေးမှူးက ပြောပါသည်။ နင်တို့ပေးတဲ့ (၄၃) သိန်းက ခုထိရေကို အိမ်မရောက်နိုင်ဘူး။ ရွာပိုင်ပိုက်လည်း မြောက်များစွာ ယူသုံးထားတယ်။ ရွာအင်အားလည်း တစ်ရက်ကို (၉၇) ယောက် (၁၀) ရက် စာ နေ့စားနဲ့တွက်ရင် တစ်ရက် ဘတ် (၂၀၀) ဆို (၁၉၄,၀၀၀) ဘတ်ကျနေပြီ။ ပိုနေတဲ့ငွေ ရှင်းပြပါလို့ အုပ်ချုပ်ရေးမှူး မေးရာမှာ ကုမ္ပဏီက ပိုငွေက ကုမ္ပဏီ ယူစားကုန်ပြီလို့ ပြန်ပြောပါသည်။



အုပ်ချုပ်ရေးမှူးလည်း ရွာသားအပေါ် အရှက်ကွဲမိသလို အားလည်းနာ ကုမ္ပဏီအပေါ်လည်း ရင်နာတာနဲ့ စိမ့်စမ်းရေသွယ်ယူဖို့ မအောင်မြင်စွာနဲ့ ဒီတိုင်းပဲရပ်ထားလိုက်ရပါသည်"ဟု ပိန်းခမ်းကျေးရွာအိမ်ခြေ (၉၇) အိမ်ကိုယ်စားဟု ရွာသားများက တာချီလိတ်သတင်းအေဂျင်စီသို့ အသိပေးထားသည်။



အဆိုပါကိစ္စနှင့်ပတ်သက်၍ လုပ်ကိုင်ခွင့်ရထားသည့် ကောင်းသူခေတ်ကုမ္ပဏီနှင့် ပိန်းခမ်းရွှေပန်းပွင့်ကုမ္ပဏီတို့မှာ ကျေးရွာသို့ လာရောက်ရှင်းလင်းခြင်းမရှိသည့်အပြင် လုပ်ငန်းဆောင်ရွက်စဉ်တလျှောက်လုံး လာရောက်ခြင်းမရှိ၍ ကျေးရွာလူထုက နည်းပညာမပါဘဲ လုပ်ထားရသဖြင့် ရေသွယ်ယူရေးလုပ်ငန်းမှာလည်း စနစ်တကျမဖြစ်ဘဲရှိနေကြောင်း သိရသည်။



အဆိုပါ စိမ့်စမ်းရေသွယ်လုပ်ငန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခွင့်ပြုငွေ ကျပ် (၄၃.၉၄၆) သန်းဖြင့် ဆောင်ရွက်ထားခြင်းဖြစ်သည်။