တောင်ကြီးမှ ကျိုင်းတုံသို့ လာသည့် ခရီးသည်တင်ယာဉ်တစ်စီး စပါယ်ရှယ်တောင်တွင် ချောက်ထဲကျကာ  (၄)ဦးသေ၊ (၆)ဦး ဒဏ်ရာရ

တောင်ကြီးမှ ကျိုင်းတုံသို့ လာသည့် ခရီးသည်တင်ယာဉ်တစ်စီး စပါယ်ရှယ်တောင်တွင် ချောက်ထဲကျကာ  (၄)ဦးသေ၊ (၆)ဦး ဒဏ်ရာရ

တောင်ကြီးမှ လာသည့် လူ(၁၀)ဦးပါ ခရီးသည်တင် ယာဉ်တစ်စီးသည် ယနေ့ ဇွန်လ(၂၃)ရက်နေ့ နေ့လည်ပိုင်းက ကျိုင်းတုံမြို့သို့ မရောက်မီ စပါယ်ရှယ်တောင်အတက်တွင် အနောက်ပြန်လိမ့်ကာ ချောက်ထဲသို့ ကျသွားရာမှာ (၄)ဦး သေဆုံးပြီး (၆)ဦးမှာ ပြင်းထန်ဒဏ်ရာရရှိကြောင်း သိရသည်။

ကားက စပါယ်ရှယ်တောင်အတက်ကို မတက်နိုင်လို့နောက်ပြန် ဆုတ်ပြီး Accident ဖြစ်သွားပါတယ်။ တစ်ယောက်တော့ ကားထဲမှာ မီးလောင်သွားပါတယ်

ဟု သွားရောက်ကူညီခဲ့သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

တောင်ကြီး - ကျိုင်းတုံလမ်းပေါ် စပါယ်တောင်အဆင်း မိုင်တိုင် (၅၈၉)နှင့် မိုင်(၅၉၀)အကြားတွင် ချယ်ရီတောင်တန်းခရီးသည်တင် ယာဉ်သည် တောင်အတက်ကို မတက်နိုင်တော့ဘဲ နောက်ပြန်လိမ့်သွားရာမှာ ချောက်ထဲကျသွားကာ မီးလောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်ပေါ်ပါလာသည့် (၁၀)ဦးအနက် အမျိုးသား(၁)ဦး နှင့် အမျိုးသမီး (၃)ဦးတို့မှာ သေဆုံးသွားပြီး ယာဉ်မောင်းအပအဝင်  (၆)ဦးမှာ ပြင်းထန်ဒဏ်ရာရရှိသွားခြင်း ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာ နှင့် သေဆုံးသူများ၏ ရုပ်အလောင်းများကို တိုင်းနေလူမှုကူညီရေးအသင်းအပါအဝင် လူမှုကူညီရေးအဖွဲ့အစည်းများက သယ်ဆောင်ကာ ရင်ခွဲရုံနှင့် ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

ဖြစ်ပွားရာနေရာသို့ ကျိုင်းတုံမြို့နယ်တွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် မီးသတ်၊ ကြက်ခြေနီ ကယ်ဆယ်ရေးအဖွဲ့များက သွားရောက် ကူညီခဲ့ကြကြောင်း သိရသည်။



Photo: တိုင်းနေလူမှုကူညီရေးအသင်း