ကျောက်မဲမြို့တွင်း ယာဉ်ကြော ကျပ်တည်းမှုလျှော့ချရေး လမ်းဘေး ပလက်ဖောင်းများကို စနစ်တကျ စတင်တည်ဆောက်

ကျောက်မဲမြို့တွင်း ယာဉ်ကြော ကျပ်တည်းမှုလျှော့ချရေး လမ်းဘေး ပလက်ဖောင်းများကို စနစ်တကျ စတင်တည်ဆောက်
ဇန်နဝါရီ 15, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် လမ်းမတစ်လျှောက် ယာဉ်ကြောကျပ်တည်းမှု လျှော့ချရေးအတွက် လမ်းဘေးပလက်ဖောင်းများကို မြို့နယ်စည်ပင်သာယာရေးဌာနက ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်အတွင်း စတင်ပြောင်းလဲ၍ အသစ်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။ 

အဓိက ကတော့ ဗဟိုဈေးရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်မှာရှိတဲ့ လမ်းဘေးပလက်ဖောင်းတွေကို အရင်ဆုံး အသစ်ပြန်တည်ဆောက်ပေးနေတာပါ။ အဲဒီလိုနေရာတွေက လူသွားလူလာနဲ့ ယာဉ်အသွားအလာများပြားပြီး ယာဉ်ကြောကျပ်တည်းတာတွေ မကြာခဏ ဖြစ်တတ်တာကြောင့် ဦးစားပေးပြီး အရင်လုပ်ပေးတာပါ။ ပလက်ဖေါင်းတွေမှာ အရင်ကလို အမှိုက်သွန်ချလို့ရတဲ့အပေါက်တွေ မပါတော့တဲ့အတွက် မြောင်းရေလျှံတာတွေ လျော့သွားမယ်

ဟု မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၅)ရက်နေ့၌ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အကျယ် (၄) ပေ၊ အမြင့် (၁) ပေရှိ ကွန်ကရစ်ပလက်ဖောင်းအသစ်ကို လူစည်ကားရာနေရာဖြစ်သည့် ပင်လုံလမ်းမကြီးတလျှောက် ရွှေဖီဦးလမ်းမှ စိတ္တသုခလမ်းအထိ (၇၇၅) ပေ၊ အောင်ဆန်းလမ်းမကြီးတလျှောက် ပတ္တမြားလမ်းမှ ကံ့ကော်လမ်းအထိ ( ၁၇၅၀) ပေတို့တွင် စတင်ဆောင်ရွက်နေပြီဖြစ်ပြီး နောက်ပိုင်းတွင် AC ကတ္တရာလမ်းခင်းသည့်အခါ လမ်းနယ်နိမိတ်အပြည့်ခင်းနိုင်စေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့တွင် ၂၀၂၁ ခုနှစ်အတွင်း ပင်လုံလမ်းမကြီးတလျှောက် ရွှေဖီဦးလမ်းမှ စိတ္တသုခလမ်းအထိ ကတ္တရာလမ်းချဲ့ခြင်း၊ မြို့အဝင်မုခ်ဦးအသစ် ပြုလုပ်ခြင်း၊ အောင်ဆန်းလမ်းမကြီးတလျှောက် ပတ္တမြားလမ်းမှ ကံ့ကော်လမ်းအထိ ကတ္တရာလမ်းချဲ့ခြင်းနှင့် အမှတ် (၂) ရပ်ကွက်ရှိ ရန်အောင်မြင်ကျောင်း မြေသားလမ်းမှ ကတ္တရာလမ်းအဆင့်တိုးမြှင့်ခြင်းတို့ကို မြို့နယ်စည်ပင်သာယာရေးဌာနမှ တင်ဒါအောင်မြင်ထားသော ကုမ္ပဏီက လုပ်ဆောင်မည်ဖြစ်သည်။

Tachileik News Agency

သတင်း- နေဖြိုးမြင့်

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...