လားရှိုးတွင် ယောက္ခမဖြစ်သူအား သေနတ်ဖြင့်ခြိမ်းခြောက်သည့် အမျိုးသားအား ဖမ်းဆီးရာမှ စစ်လက်နက်ပစ္စည်းများကို တရားမဝင်သုံးစွဲနေသည်ကို ဖေါ်ထုတ်တွေ့ရှိ

လားရှိုးတွင် ယောက္ခမဖြစ်သူအား သေနတ်ဖြင့်ခြိမ်းခြောက်သည့် အမျိုးသားအား ဖမ်းဆီးရာမှ စစ်လက်နက်ပစ္စည်းများကို တရားမဝင်သုံးစွဲနေသည်ကို ဖေါ်ထုတ်တွေ့ရှိ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ယောက္ခမဖြစ်သူအား သေနတ်ဖြင့် ခြိမ်းခြောက်မှုဖြင့် အမျိုးသားတစ်ဦးအား စစ်ဆေးရာမှ မုံးဟပြည်သူ့စစ်အဖွဲ့ယူနီဖောင်းများနှင့် လက်နက်ခဲယမ်းများကို တရားမဝင်သုံးစွဲနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း လားရှိုးမြို့နယ်ရဲတပ်ဖွဲ့က ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်နေ့၌ သတင်းထုတ်ပြန်ထားသည်။

လားရှိုးမြို့ ရပ်ကွက် (၇) ၊ နယ်မြေ (၁၇) နေ ဦးပီရှန်းက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့တွင် ၎င်းအား သေနတ်ဖြင့် ခြိမ်းခြောက်ခံနေရကြောင်း မြို့မရဲစခန်းသို့ ဆက်သွယ်တိုင်ကြားသဖြင့် ခေတ္တစခန်းမှူး ဒုရဲမှူး ရဲထွေးနှင့် သတင်းရဲတပ်ဖွဲ့ (SB) အပါအဝင် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရတ လားရှိုး) မှ ဗိုလ်ကြီး ဖုန်းမြတ်ထက်နှင့် ပူးပေါင်းအဖွဲ့တို့က ရပ်ကွက် (၇) အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ အဆိုပါနေအိမ်သို့ သွားရောက်စစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဦးပီရှန်းနေအိမ်သို့လာပြီး ဇနီးဖြစ်သူအား ထုတ်ပေးရန် သေနတ်ဖြင့်ခြိမ်းခြောက်သည့် လီဖူရှိုး (ခ) စန်းတီ နေထိုင်ရာ ရပ်ကွက် (၇)၊ နယ်မြေ (၆)၊ အေးသာယာလမ်း၊ အိမ်အမှတ်(ဆ/၆/၃၃၂) နေအိမ်သို့ သွားရောက် စစ်ဆေးခဲ့ရာ လီဖူရှိုး (ခ) စန်းတီအား နေအိမ်တွင် မောင်းပြန် ရိုင်ဖယ်သေနတ် (၁) လက် ကိုင်ဆောင်ထားပြီး ငါးလုံးပြူးသေနတ် (၁) လက်ကို ခါးတွင် ချိတ်လျှက်တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ရှာဖွေရာ ၎င်းစီးနင်းသည့် မော်တော်ယာဉ်ပေါ်တွင်လည်း  Type-81 မောင်းပြန်ရိုင်ဖယ် သေနတ် (၁) လက်နှင့် ၎င်းကျည် (၁၁၈) တောင့်၊ ၎င်းကျည်အိမ် (၄) ခု၊ Luger (38 mm Special) ငါးလုံးပြူး သေနတ် (၁) လက်နှင့် ၎င်းကျည် (၃၂) တောင့်၊ လက်ထိပ် (၂) စုံ၊ TDK အမှတ်တံဆိပ် စကားပြောစက် (၃) လုံး၊ RUIZHONGLONG အမှတ် တံဆိပ်ပါ စကားပြောစက် (၁) လုံး၊ EPOLO စာတမ်းပါ စကားပြောစက် (၁) လုံး၊ မုံးဟ ပြည်သူစစ် ဘက်တံဆိပ်ပါ ယူနီဖောင်း (၃) စုံ၊ ဘက်တံဆိပ်မပါ ယူနီဖောင်း (၅) စုံ၊   မုံးဟပြည်သူစစ် ဘက်တံဆိပ် (၂) စုံ၊ စစ်စိမ်းရောင် ကျောပိုး အိတ် (၁) လုံး၊ စစ်စိမ်းရောင် ဖိုက်ဘာ ဦးထုပ် (၁)လုံး၊ ပစ္စတိုသေနတ်ထည့်သည့် သေနတ်အိတ် (၂) ခု၊ ကျည်ခါးပတ် (၂) ခု၊ စစ်စိမ်းရောင် Equipment (၁) စုံ၊ ပြောက်ကျား ဘေးလွယ်အိတ် (၁)လုံး၊ စစ်စိမ်းရောင်ခါးပတ် (၁) ချောင်း၊ ပလပ်စတစ် လက်ပစ်ဗုံး (fuse ပါ) (၁) လုံး၊ ဝါယာလက် မီးလုံး (၁) လုံး၊ ငွေကျပ် (၄)သိန်းတို့အား စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

လီဖူရှိုး (ခ) စန်းတီ ကိုင်ဆောင်သုံးစွဲသည့် လက်နက်ခဲယမ်းများနှင့် စပ်ဆက်ပစ္စည်းများနှင့်ပတ်သက်၍ မုံးဟ ပြည်သူ့စစ်သို့ အတည်ပြုရာ လီဖူရှိုး(ခ)စန်းတီမှာ ၎င်းတို့၏တပ်ဖွဲ့ဝင် မဟုတ်ကြောင်းနှင့် တွေ့ရှိရသည့် လက်နက်ခဲယမ်းများနှင့် စပ်ဆက်ပစ္စည်း များမှာလည်း တပ်ဖွဲ့ပိုင်ပစ္စည်းများမဟုတ်ကြောင်း မုံးဟပြည်သူ့စစ်မှ လားရှိုးရုံးတာဝန်ခံ ဦးစိုင်းစံအေးက အတည်ပြုထားကြောင်း သိရသည်။

လက်နက်ခဲယမ်းများနှင့် စပ်ဆက်ပစ္စည်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများအား တရားဝင် ခွင့်ပြုချက်မရှိဘဲ ကိုင်ဆောင်အသုံးပြု လက်ဝယ်ထားရှိသူ လီဖူရှိုး (ခ) စန်းတီအား ဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျှက်ရှိသည်ဟု လားရှိုးမြို့နယ်ရဲတပ်ဖွဲ့က ဇန်နဝါရီလ (၇)ရက်နေ့၌ သတင်းထုတ်ပြန်ထားသည်။

Tachileik News Agency

ဓာတ်ပုံ - ရဲတပ်ဖွဲ့

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။