၁၀၂၇ စစ်ဆင်ရေး ကို ဟန်ချက်ညီစစ်ဆင်ရေးများဖြင့် ပူးပေါင်းသွားမည်ဟု NUG ဆို

၁၀၂၇ စစ်ဆင်ရေး ကို ဟန်ချက်ညီစစ်ဆင်ရေးများဖြင့် ပူးပေါင်းသွားမည်ဟု NUG ဆို
အောက်တိုဘာ 27, 2023 | 2021 Military Coup| ရှမ်းမြောက်

မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး စတင်ကြောင်း ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်လာသည်။

မြန်မာပြည်သူတရပ်လုံး ဆန့်ကျင်တိုက်ပွဲဝင်နေသည့် စစ်အာဏာရှင်စနစ်အား အမြစ်ဖြတ် ချေမှုန်းရန် စစ်ဆင်ရေးကြီးတရပ် စတင်ပြီဖြစ်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့တွင် ထုတ်ပြန်ချက်အပေါ် NUGက ယင်းသို့ ထုတ်ပြန်ကြိုဆိုလိုက်ခြင်းဖြစ်သည်။

NUG၏ ထုတ်ပြန်ချက်တွင် ယခုအချိန်သည် နိုင်ငံတဝန်းရှိ တိုင်းရင်းသား တော်လှန်ရေးအင်အားစု အသီးသီး၊ နွေဦးတော်လှန်ရေးအင်အားစု အသီးသီးနှင့် ပြည်သူတရပ်လုံးကပါဝင်၍ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေး၊ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့ကို မမှိတ်မသုန် ဆောင်ရွက်သွားကြရမည်ဖြစ်သောကြောင့် ခုခံတွန်းလှန်စစ်တွင် အင်အားစုအားလုံး အားသွန်ခွန်စိုက် ဆက်လက်ပူးပေါင်းပါဝင်ကြရန် အလေးအနက် တိုက်တွန်းသည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ညီနောင်မဟာမိတ် (၃)ဖွဲ့နှင့် တညီတညွတ်တည်း လက်တွဲပြီး ၁၀၂၇ စစ်ဆင်ရေး နှင့် ဟန်ချက်ညီစစ်ဆင်ရေးများ ဖော်ဆောင်ကာ ပူးပေါင်းသွားမည်ဟုလည်း ဆိုသည်။

ညီနောင်မဟာမိတ် (၃)ဖွဲ့တွင် ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA)နှင့် ရက္ခိုင် (ULA/AA)တို့ ပါဝင်ပြီး ယနေ့ပြုလုပ်သည့် ၁၀၂၇ စစ်ဆင်ရေးတွင် BPLAတပ်ဖွဲ့များလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency