ကျောက်မဲမြို့တွင် ရဲနှင့်စစ်တပ်မှ နေအိမ်အသီးသီးကနေ ဖမ်းဆီးသွားသည့် လူငယ် (၅)ဦးကို သီပေါအကျဉ်းထောင်သို့ ပို့ဆောင်ထား

ကျောက်မဲမြို့တွင် ရဲနှင့်စစ်တပ်မှ နေအိမ်အသီးသီးကနေ ဖမ်းဆီးသွားသည့် လူငယ် (၅)ဦးကို သီပေါအကျဉ်းထောင်သို့ ပို့ဆောင်ထား

ကျေ ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲအဖွဲ့တို့က ၂၀၂၁ ခုနှစ်၊ မေလ (၅) ရက်နှင့် (၆) ရက်နေ့ ညပိုင်းများတွင် နေအိမ်အသီးသီးမှ ဖမ်းဆီးခေါ်ဆောင်သွားသည့် အသက် (၁၇)နှစ်အရွယ် ကျောင်းသားတစ်ဦး အပါအဝင် လူငယ် (၅) ဦးကို သီပေါအကျဉ်းထောင်သို့ ပို့ဆောင်ထားပြီး မိသားစုများနှင့် အဆက်အသွယ်မရစေရန် အဆက်အသွယ်ဖြတ်ထား သိရသည်။

ကျောက်မဲမြို့တွင် မေလ (၂) ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒထုတ်ဖေါ်မှု ပြုလုပ်နေစဉ်အတွင်း ဆိုင်ကယ် (၂) စီး မီးလောင်မှုနှင့်ပတ်သက်သည်ဟု စွပ်စွဲကာ အဆိုပါ လူငယ်များအား ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်ဟု သိရသည်။

အာဏာသိမ်းအဖွဲ့က စွပ်စွဲဖမ်းဆီးထားသည့် လူငယ်များတွင် အမှတ်(၄ ) အခြေခံပညာ အထက်တန်းကျောင်းမှ အသက် (၁၇) နှစ်အရွယ် ရဲမင်းပိုင်ဆိုသည့် ကျောင်းသားတစ်ဦးလည်းပါဝင်သွားပြီး အသက်မပြည့်သေးသော်လည်း အခြားလူငယ်များနှင့်အတူ သီပေါထောင်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့တွင် ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှစ၍ မေလ (၇) ရက်နေ့အထိ အာဏာသိမ်းအဖွဲ့က စွပ်စွဲဖမ်းဆီးပြီးပြန်လည်လွတ်မြောက်လာသူများလည်း ရှိနေပြီး လက်ရှိအချိန်ထိ ထိန်းသိမ်းခံရသူ စုစုပေါင်း အမျိုးသား (၇) ဦးရှိနေပြီဖြစ်သည်။

အခြားမြို့များနည်းတူ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖေါ်သည့်လူထုကို အာဏာသိမ်းအဖွဲ့က နည်းမျိုးစုံသုံး၍ အကြမ်းဖက်နှိမ်နှင်းခြင်းများကို ကျောက်မဲမြို့တွင် လုပ်ဆောင်နေသော်လည်း စစ်အာဏာရှင်ကို နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်နေကြဆဲဖြစ်ပြီး အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်များကလည်း ညပိုင်းတွင် ရပ်ကွက်များအတွင်း လိုက်လံရှာဖွေဖမ်းဆီးခြင်းများ လုပ်နေခြင်းဖြစ်သည်။