တာချီလိတ်မြို့တွင် စားသောက်ဆိုင် (၆၀) ကျော်ကို COVID-19 စည်းကမ်းချက်များနှင့်အညီ ဆိုင်ထိုင်ရောင်းစနစ်ဖြင့် ပြန်လည် ဖွင့်လှစ်ခွင့်ပြုပေးထား

တာချီလိတ်မြို့တွင် စားသောက်ဆိုင် (၆၀) ကျော်ကို COVID-19 စည်းကမ်းချက်များနှင့်အညီ ဆိုင်ထိုင်ရောင်းစနစ်ဖြင့် ပြန်လည် ဖွင့်လှစ်ခွင့်ပြုပေးထား
ဇန်နဝါရီ 14, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့အထိ စားသောက်ဆိုင်ပေါင်း (၆၀) ကျော်ကို COVID-19 စည်းကမ်းချက်များနှင့်အညီ ဆိုင်ထိုင်ရောင်းချစနစ်အဖြစ် ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးထားကြောင်း သိရသည်။

လျှောက်ထားတဲ့ဆိုင်တွေကို ဦးစားပေးပြီး စစ်ဆေးပေးတာပေါ့။ A အဆင့်၊ B အဆင့်၊ C အဆင့်ပေါ့။ C အဆင့် ပြင်ဆင်မှုအားနည်းတဲ့ ဆိုင်တွေကို မပေးဘူး။ B အဆင့် ပြင်ဆင်ထားတဲ့ဆိုင်ဆိုရင် ကိုယ်တို့က လိုအပ်ချက်လေးတွေ ပြင်ခိုင်းပြီးတော့ ဖွင့်ခွင့်ပေးတယ်။ ထွေအုပ်ကိုလာလျောက်တဲ့ဆိုင်တွေကို စစ်ဆေးပြီး A အဆင့်နဲ့ B အဆင့်ဆိုင်တွေကို အကုန်ဖွင့်ခွင့် ပေးနေပါတယ်

ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင်းရှိ စားသောက်ဆိုင်များအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 စည်းကမ်းချက်များနှင့်အညီ ပြင်ဆင်ထားရှိပြီး မြို့နယ် ကိုဗစ်ကော်မတီသို့ လျှောက်ထားရန်လိုအပ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးပြီးဖွင့်လှစ်ပေးနေခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင်းတွင် စားသောက်ဆိုင် အကြီး၊ အသေး (၄၀၀) ခန့်ရှိနေပြီး မြို့နယ် COVID ကော်မတီသို့ နေ့စဉ်လျောက်ထားသည့် စားသောက်ဆိုင် (၅) ဆိုင်ခန့်ရှိနေပြီး နေ့စဉ်စစ်ဆေးပြီးဖွင့်လှစ်ခွင့်ပြုထားသည့် စားသောက်ဆိုင် (၆၀) ကျော်ရှိနေသည်။  

ဖွင့်လှစ်ရန် ကျန်ရှိသည့် စားသောက်ဆိုင်များအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်လိုပါက မြို့နယ်စည်ပင်သာယာရေးဌာနရုံး သို့ ဖြစ်စေ၊ ခရိုင်/မြို့နယ်စုပေါင်းရုံးရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းသို့ ဖြစ်စေ သွားရောက်၍ လျှောက်ထားနိုင်မည်ဖြစ်ပြီး လတ်တလောတွင် စားသောက်ဆိုင်များကိုသာ ဖွင့်လှစ်ခွင့်ပေးထားသော်လည်း KTV များကို ဖွင့်လှစ်ခွင့်မပြုသေးကြောင်း သိရှိရသည်။

Tachileik News Agency

သတင်း - ဟန်စိုးထိုက်

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။