နိုင်ငံအတွက် Covid-19 ကာကွယ်ဆေး ဝယ်ယူနိုင်ရေး အလှူရှင်များမှ (၄)ရက်အတွင်း ကျပ်သန်းပေါင်း (၁,၃၀၀)ကျော် နှင့် ဒေါ်လာ(၂.၅၅)သန်း လှူဒါန်းထား

နိုင်ငံအတွက် Covid-19 ကာကွယ်ဆေး ဝယ်ယူနိုင်ရေး အလှူရှင်များမှ (၄)ရက်အတွင်း ကျပ်သန်းပေါင်း (၁,၃၀၀)ကျော် နှင့် ဒေါ်လာ(၂.၅၅)သန်း လှူဒါန်းထား
ဇန်နဝါရီ 8, 2021 | Covid-19

COVID 19 ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် နိုင်ငံတော်က အမေရိကန်ဒေါ်လာ သန်း (၂၅၀) မတည်ထားရာ နိုင်ငံအတွင်းမှ စေတနာရှင် အလှူရှင်များမှလည်း ဇန်နဝါရီလ(၈)ရက်နေ့ နံနက်ပိုင်းအထိ ကျပ်သန်းပေါင်း (၁,၃၀၀)ကျော် နှင့် အမေရိကန်ဒေါ်လာ (၂.၅၅)သန်း လှူဒါန်းထားကြောင်း သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

လူပုဂ္ဂိုလ်(၁၁၇)ဦးမှ မြန်မာကျပ်ငွေ သန်းပေါင်း(၁,၃၀၀)သန်းကျော် နှင့် လူပုဂ္ဂိုလ်(၅)ဦးတို့မှ အမေရိကန်ဒေါ်လာ (၂.၅၅)သန်း လှူဒါန်းထားကြောင်း ၂၀၂၁ခုနှစ် ဇန်နဝါရီလ(၈)ရက်နေ့ ညနေ(၃)နာရီခွဲအချိန်က ကျင်းပြုလုပ်သည့် သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာများကို ပြောကြားလိုက်ခြင်း ဖြစ်သည်။

COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသည် COVID 19 ကာကွယ်ဆေးများ ဝယ်ယူရရှိရေး ရန်ပုံငွေ စီမံခန့်ခွဲမှုဆပ်ကော်မတီကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့၌ ဖွဲ့စည်းလိုက်ပြီး ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေအတွက် မြန်မာ့စီးပွားရေးဘဏ်တွင် ငွေစာရင်းဖွင့်လှစ်ကာ နိုင်ငံတော် မတည်ရန်ပုံငွေ ကျပ်သန်း (၁,၀၀၀)ကို စတင်ထည့်သွင်းထားကြောင်း နှင့် အများပြည်သူ၊ အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းပါဝင်လှူဒါန်းနိုင်မည့် ငွေစာရင်းအမှတ်များကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့၌ ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။ 

ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းလိုသူများအနေဖြင့် နိုင်ငံခြားငွေစာရင်းအမှတ် EDC 6000012 သို့လည်းကောင်း မြန်မာကျပ်ငွေစာရင်းအမှတ် OA 013733 သို့လည်းကောင်း ထည့်ဝင်လှူဒါန်းနိုင်ကြမည်ဖြစ်ကြောင်း နှင့် လှူဒါန်းလိုသူများအနေဖြင့် ညွှန်ကြားရေးမှူးချုပ် ဖုန်း ၀၆၇ ၃၄၁၀၁၅၆ သို့မဟုတ် ငွေတိုက်ဦးစီးဌာန ဖုန်း ၀၆၇ ၃၄၁၀၁၅၈ သို့လည်းကောင်း ဆက်သွယ်စုံစမ်း လှူဒါန်းနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 

Ko Zaung is the editor-in-chief of Tachileik News Agency.