မယ်ဆိုင်ဘက်မှ နယ်စပ်ဖြတ်ကျော် ကုန်တင်ယာဉ်မောင်းများအား COVID 19 စစ်ဆေးခကို လုပ်ငန်းရှင်များက ကျခံပေးရန် ညှိနှိုင်းမည်

မယ်ဆိုင်ဘက်မှ နယ်စပ်ဖြတ်ကျော် ကုန်တင်ယာဉ်မောင်းများအား COVID 19 စစ်ဆေးခကို လုပ်ငန်းရှင်များက ကျခံပေးရန် ညှိနှိုင်းမည်
ဇန်နဝါရီ 7, 2021 | Covid-19| အလုပ်သမားရေးရာ

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်မှ တာချီလိတ်မြို့သို့ ကုန်စည်သယ်ပို့နေသည့် ကုန်တင်ယာဉ်မောင်းများကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၇) ရက်နေ့မှစ၍ တစ်ဦးလျှင် ဘတ် (၁,၂၀၀) ဖြင့် COVID 19 စတင်စစ်ဆေးပေးနေပြီး ကုန်ကျစရိတ်များကို လုပ်ငန်းရှင်မှ ကျခံပေးနိုင်ရေးကို ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။

မယ်ဆိုင်ဘက်မှ တာချီလိတ်ဘက်သို့ ကုန်တင်ယာဉ်မောင်းနှင်နေသည့် မြန်မာနိုင်ငံသားယာဉ်မောင်းများလည်း ပါဝင်ပြီး (၁၄) ရက် တစ်ကြိမ် COVID 19 စစ်ဆေးခ ဘတ် (၁,၂၀၀) ပေးရန် အခက်အခဲရှိသူများလည်းရှိသဖြင့်  ကူညီနိုင်ရေးအတွက်  တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးမှ ညှိနှိုင်းဆောင်ရွက်ပေးရန် ညွှန်ကြားထားသဖြင့် မယ်ဆိုင်မြို့အုပ်ချုပ်ရေးတာဝန်ရှိသူများထံ ဇန်နဝါရီလ (၇) ရက်နေ့၌ သွားရောက်တင်ပြထားကြောင်း တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးရုံး၏ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံထံမှ သိရသည်။

 ဒီဘက်က အခြေအနေကို ခရိုင်အုပ်ချုပ်ရေးမှူးဆီ တင်ပြတော့ သူ့နိုင်ငံရဲ့ ဥပဒေ၊ ဒေသန္တရအမိန့်အရ လုပ်ဆောင်တာကို ဒီဘက်မှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ လေးစားလိုက်နာဖို့လိုတယ်။ သူ့နိုင်ငံ သူ့ဥပဒေကို လျှော့ပေးပါလို့တော့ သွားပြောလို့မရဘူး။ ဒါပေမဲ့ ကိုယ့်နိုင်ငံသားတွေ အခက်အခဲ ဖြစ်နေတယ်ဆိုရင် ဥပဒေအတွင်းကနေပဲ ကူညီလို့ရတဲ့ နည်းလမ်းရှာပါဆိုလို့ ကျွန်တော် ဒီနေ့ မယ်ဆိုင်မြို့ပိုင်ဆီ သွားတွေ့တယ်။ အခု ဓာတ်ခွဲစစ်ဆေးခ ဘတ် (၁,၂၀၀)ဆိုတာ ဈေးလျှော့သတ်မှတ်ထားတာပါတဲ့။ သူတို့ဆီမှာ အပြင်ဆေးရုံမှာစစ်ရင် ဘတ် (၅,၀၀၀) လောက်ပေးရတယ်။ ဆေးရုံမှာဆိုရင်လည်း ဘတ် (၂,၀၀၀) ကျတယ်ပေါ့။ နောက် မယ်ဆိုင်မှာ စစ်တယ်ဆိုတာကလည်း ထိုင်းနိုင်ငံတွင်း ကူးစက်မှုများတဲ့ဒေသတွေက လာတဲ့သူတွေရှိနေလို့ စစ်ရတာ။ ဒေသန္တရအမိန့်ဖြစ်လို့ (၁၄) ရက်ပြီးရင် အခြေအနေကိုကြည့်ပြီး လျှော့ပေါ့ပေးလို့ရရင် လျှော့ပေါ့ပေးမယ်ပေါ့။ နောက်တစ်ခုမေးတာက ကားသမားတွေအတွက် သူတို့လုပ်ငန်းရှင်တွေက ထုတ်မပေးဘူးလား၊ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပေးရမှာလား မေးတယ်။ ကားသမားတွေက ကိုယ့်ပိုက်ဆံနဲ့ကိုယ် ပေးရတယ်ဆိုရင်တော့ သူလုပ်ငန်းရှင်တွေက ကျခံပေးဖို့ ညှိနှိုင်းလိုက်ပါမယ်လို့တော့ ပြောပါတယ်

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း (မယ်ဆိုင်)ထံမှ ဇန်နဝါရီလ(၇)ရက်နေ့တွင် ပြောသည်။ 

ကုန်စည်ကူးသန်းသယ်ယူပို့ဆောင်နေသည့် မော်တော်ယာဉ်မောင်းများအနေဖြင့် (၁၄) ရက်တစ်ကြိမ် COVID 19 စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး စစ်ဆေးခ ပေးဆောင်ရတော့မည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့ အစည်းအဝေးတွင် ဆုံးဖြတ်ကြောင်း သိရသည်။

 ဒီနေ့ ကျန်းမာရေးဌာနနဲ့ အစည်းအဝေးမှာ နယ်စပ်ဖြတ်သန်းတဲ့ ကားသမားတွေကို ဘတ် (၁,၂၀၀) နဲ့ စစ်ရမယ်လို့ ဆုံးဖြတ်တယ်ပြောတယ်။  အရင်က ဒီမှာ အလကား စစ်ပေးနေတာပေါ့နော်။ အခုက (၁၄) ရက်ခွင့်ပြုချက်ပေးမယ်။ ဒါပေမဲ့ စစ်ဆေးခက ဘတ် (၁,၂၀၀)ဆိုတော့ ကားသမားတွေကလည်း တစ်လ တစ်လ ကုန်ကျစရိတ်များမယ်ဆိုတော့ ပြောလာကြတယ်။ ဒီဘက်က ကားသမားဆိုပေမဲ့ မြန်မာကားသမားတွေလည်း များတယ်လေ။ မနက်ဖြန်မှ ဒီကိစ္စကို တာဝန်ရှိတဲ့သူတွေဆီ သွားမေးမြန်းတာလုပ်ပြီးမှ သေချာတော့ သိရမယ်။ အခုက ကားသမားတွေကို သူတို့အစည်းအဝေးအပြီးမှာ ပြောတာကိုပဲ သိရသေးတယ်

ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးရုံး၏ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံတွင်း COVID 19 ဒေသတွင်းကူးစက်မှုများသည့်ခရိုင်များမှ ချင်းရိုင်းခရိုင်အတွင်း ကူးစက်ပျံ့နှံ့မှုမဖြစ်စေရေးအတွက် ချင်းရိုင်းခရိုင်အတွင်းသို့ အခြားဒေသများမှ လာရောက်သည့် ကုန်တင်ယာဉ်မောင်းများအနေဖြင့် (၇) ရက်တစ်ကြိမ် COVID 19 စစ်ဆေးရမည်ဖြစ်ပြီး မယ်ဆိုင် - တာချီလိတ်ကဲ့သို့ နယ်စပ်ဖြတ်သည့် ကုန်တင်ယာဉ်မောင်းများအနေဖြင့် (၁၄) ရက်တစ်ကြိမ် စစ်ဆေးရန် ဇန်နဝါရီလ (၆)ရက်နေ့က စတင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

မယ်ဆိုင် - တာချီလိတ် ကုန်တင်ယာဉ်မောင်းများအပါအဝင် ချင်းရိုင်းခရိုင်အတွင်းဝင်မည့် ကုန်တင်ယာဉ်မောင်းများအနေဖြင့် COVID 19 စစ်ဆေးထားသည့် ကျန်းမာရေးထောက်ခံချက်ပါမှသာ သွားလာခွင့်ရတော့မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency 

သတင်း - ချယ်ရီထိုက်

 

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။