"ဝ"အထူးဒေသ (၂)တွင် တစ်နေ့တည်း COVID 19 အတည်ပြုလူနာ (၆၉)ဦးထပ်တွေ့၍ အတည်ပြုလူနာ (၁၅၃)ဦးအထိ တိုးလာ

"ဝ"အထူးဒေသ (၂)တွင် တစ်နေ့တည်း COVID 19 အတည်ပြုလူနာ (၆၉)ဦးထပ်တွေ့၍ အတည်ပြုလူနာ (၁၅၃)ဦးအထိ တိုးလာ
ဇန်နဝါရီ 5, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်အတွင်း "ဝ"အထူးဒေသ (၂) မိုင်းပေါက်ခရိုင်တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့၌ COVID 19 အတည်ပြုလူနာ (၆၉) ဦး ထပ်တိုးသဖြင့် "ဝ"အထူးဒေသ (၂) အတွင်း အတည်ပြုလူနာ စုစုပေါင်း (၁၅၃) ဦးအထိ ရှိပြီဖြစ်ပြီး သေဆုံးသူမရှိကြောင်း သိရသည်။

"ဝ"အထူးဒေသ (၂) ရှိ မိုင်းပေါက်မြို့တွင် ဇန်နဝါရီလ (၄) ရက်နေ့ နေ့လယ် (၁၁)နာရီမှ ဇန်နဝါရီလ (၅) ရက်နေ့ နေ့လယ် (၁၁) နာရီအထိ ပန်ခမ်းမြို့မှ (၁၀၅၂) ဦးနှင့်  မိုင်းပေါက်မြို့မှ (၂၅၁၅၄)ဦးတို့ကို ဓာတ်ခွဲနမူနာရယူစစ်ဆေးခဲ့ရာတွင် မိုင်းပေါက်မြို့မှ အတည်ပြုလူနာ (၆၉)ဦးကိုတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အတည်ပြုလူနာများအား တရုတ်နိုင်ငံ၊ မုံးလင်မြို့ ကြက်ခြေနီအသင်းမှ ဆေးဝါးကျွမ်းကျင်ပညာရှင်များ အကူအညီဖြင့် ကုသပေးနေသည်ဟု "ဝ"အထူးဒေသ (၂) က သတင်းထုတ်ပြန်ထားသည်။

အတည်ပြုလူနာများအနက် (၂၀)ဦးကို ဇန်နဝါရီလ (၄)ရက်နေ့က ထပ်မံစစ်ဆေးရာ (၁၀)ဦး၌ ပိုးမတွေ့ရတော့ကြောင်း သိရပြီး လူနာအားလုံးတွင် ပြင်းထန်သည့်ရောဂါလက္ခဏာမတွေ့ရကြောင်း သိရသည်။
 

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။