ရှေ့တန်းက ပြန်လာသည့် မိုင်းဆတ်တပ်နယ်မှ ခလရ(၄၉)တွင် တပ်ဖွဲ့ဝင် (၄၀)ကျော် Covid-19 ပိုး ကူးစက်ခံရ 

 ရှေ့တန်းက ပြန်လာသည့် မိုင်းဆတ်တပ်နယ်မှ ခလရ(၄၉)တွင် တပ်ဖွဲ့ဝင် (၄၀)ကျော် Covid-19 ပိုး ကူးစက်ခံရ 
စက်တင်ဘာ 22, 2021 | Covid-19| ရှမ်းရှေ့

ရှေ့တန်းက ပြန်လာသည့် အာဏာသိမ်းစစ်တပ်၏ မိုင်းဆတ်တပ်နယ်အတွင်းက ခြေလျင်တပ်ရင်း အမှတ်(၄၉)တပ်တွင် Covid-19 ကူးစက်ခံထားရသူ (၄၀)ကျော်ရှိနေပြီး တပ်ရင်းမှူး အပါအဝင် (၃၀)ကျော်မှာ Quarantine  ဝင်ထားရကြောင်း သိရသည်။

"ပိုးတွေ့သူတွေကိုတော့ စစ်ဆေးရုံမှာထားတယ်၊ တပ်ရင်းမှူး အပါအဝင် (၃၃)ဦးကိုတော့ (၄၉)တပ်ထဲမှာပဲ Quarantine  ဝင်ခိုင်းထားတယ်။"ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက   Tachileik News Agency သို့ စက်တင်ဘာလ(၂၂)ရက်နေ့တွင် ပြောသည်။

Covid-19 ကြောင့် တပ်တွင်း တပ်အပြင် အဝင်အထွက်များ တားမြစ်ထားကြောင်းနှင့် ယင်းသို့ တားမြစ်ထားသော်လည်း အပြင်သို့ ခိုးထွက်နေသူများလည်း ရှိနေသည်ဟု သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်အခြေပြု ခြေလျင်တပ်ရင်း အမှတ်(၄၉)သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်နှင့်တောင်ကြီးခရိုင်အတွင်းသို့ ရှေ့တန်းသွားရောက်ပြီး ၂၀၂၁ခုနှစ် စက်တင်ဘာလ(၂၁)ရက်နေ့က မိခင်တပ်ရင်းသို့ ပြန်လည်ရောက်ရှိလာပြီးနောက် စစ်ဆေးရာမှာ Covid-19 ပိုးတွေ့ရရှိဖြစ်သည်ဟု သိရသည်။

Covid-19 ကူးစက်ခံရမှုများနှင့် ပတ်သက်၍ အရပ်သားပြည်သူများတွင် Covid-19 ပိုးတွေ့ရှိရပါက  သိရှိနိုင်သော်လည်း စစ်တပ်မှ Covid-19 ပိုးတွေ့ရှိရပါက အများပြည်သူ သိရန်မလိုဟု သတ်မှတ်ကာ  သတင်းထိန်ချန်လေ့ရှိသည်ဟု ဒေသခံများက ဆိုသည်။

 ခလရ(၄၉)တွင် ပထမဆုံးအဖြစ် ပြီးခဲ့သည့်  ၂၀၂၁ခုနှစ် ဇူလိုင်လ(၁၁)ရက်နေ့က   ဗိုလ်ကြီးတစ်ဦးတွင်လည်း Covid-19 ပိုးတွေ့ရှိသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။