စကခ ၁၉ လက်အောက်ခံ ခလရ ၂၉၉ တပ်ရင်းနှင့် မလွှဲတောင်ဂိတ်စခန်းကို မွန်ပြည်တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်

မွန်ပြည်နယ် ၊ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာရှိ စကခ(၁၉) လက်အောက်ခံ ခလရ (၂၉၉)တပ်ရင်းကို ၂၀၂၄ခုနှစ် ဧပြီလ ၁၂ ရက် နံနက် ၈ နာရီ ၃၀မိနစ်အချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဧပြီလ ၁၇ ရက်နေ့တွင် မွန်ပြည်တော်လှန်ရေးတပ်မှ ထုတ်ပြန်သည်။

မွန်ပြည်တော်လှန်ရေးတပ်(MSRF)နှင့် တော်လှန်ရေးမဟာမိတ်ပူပေါင်းတပ်ဖွဲ့တို့မှ လက်နက်ကြီးဖြင့် ၁၇ ကြိမ်၊ ဒရုန်းဖြင့် ဗုံးသီး ၈၀ လုံး ကျဲချကာ ခြေမှုန်းရေးတပ်ဖွဲ့များကလည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး နံနက် ၁၀နာရီ ၃၀မိနစ်အချိန်တွင် ခွာစစ်ဆင်ခဲ့သည်ဟု ဆိုသည်။

တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီဘက်မှ ဗိုလ် ၁ ဦးနှင့် တပ်သား ၅ ဦးခန့် သေဆုံးကာ ၃၀ ကျော် ဒဏ်ရာရရှိပြီး မဟာမိတ်တပ်ဘက်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်းမှ ရဲဘော်(၁)ဦး တိုက်ပွဲဝင်အတွင်း သေဆုံးခဲ့ရကာ ရဲဘော် (၂)ဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် ဧပြီလ ၁၂ ရက် နံနက် ၁၀နာရီတွင် မွန်ပြည်နယ်နှင့် တနင်္သာရီနယ်ခြားမျဉ်းပေါ်ရှိ မလွှဲတောင်ဂိတ်စခန်းအား မွန်ပြည်တော်လှန်ရေးတပ် (MSRF)နှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့မှ ဒရုန်းဖြင့် ဗုံးသီး ၁၅ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်များတွင် မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော် ABSDF တပ်ရင်း -(၁)၊ Saw Dragon Drone Force-ဒရုန်းအထူးတပ်ဖွဲ့၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF)-ဒေါနတပ်ခွဲ(၄)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့(DDT)-ဒေါနတပ်ခွဲ(၇)၊ ဝေဟင်‌ဒေါနတပ်ခွဲ-(၆)၊ ထားဝယ်ခရိုင် အမှတ်(၁) တပ်ရင်း(T1)၊ ရေးသိမ်းငှက်၊ ရေးပြောက်ကျားတပ် (YGF) ဒေါနတပ်ခွဲ-(၃) တို့မှ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မတ်လ ၁၃ ရက်နေ့မှစပြီး အမှတ်-၈ ပြည်ထောင်စုလမ်းမကြီးအား တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ စိုးမိုးထိန်းချုပ်ထားကာ မတ်လ ၃၁ ရက်နေ့ကစတင်ပြီး အမှတ်-၈ ပြည်ထောင်စုလမ်းမကြီးအား နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ အသုံးပြုရန် ကျန်းမာရေးနှင့်သက်ဆိုင်သည့် အရေးပေါ်ကိစ္စရပ်များအတွက် ညဘက်အချိန်များတွင် လူနာတင်ယာဉ်များအနေဖြင့် မီးများဖွင့်ကာ မှန်ချ၍မောင်းရန်လည်း မွန်ပြည်တော်လှန်ရေးတပ်မှ ကြေငြာချက်ထုတ်ပြန်ထားသည်။

#TachileikNewsAgency