ကမ်းထောင်းကြီးမြို့နယ်ခွဲကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲရာ နေအိမ်များမီးလောင်နေ

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့နယ်ခွဲကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၃၁)ရက်နေ့ ည(၈)နာရီတွင် လေယာဉ်နှင့် လာရောက်ဗုံးကြဲရာ နေအိမ်အများအပြား မီးလောင်နေကြောင်း သိရသည်။

ကမ်းထောင်းကြီးမြို့နယ်ခွဲကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဥ်နှင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ရခိုင်ကုန်း၊ သင်္ဘောဆိပ်ရပ်ကွက်တို့ မီးလောင်နေကြောင်း သိရသည်။

ကမ်းထောင်းကြီးမြို့နယ်ခွဲအနီး အမ်းမြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ဒေသခံများမှာ ပြောင်းရွှေ့ပြီးဖြစ်သော်လည်း နေအိမ်များမီးလောင်နေကာ လူထိခိုက်မှုရှိ၊ မရှိကို အသေးစိတ်မသိရသေးဟု ဒေသခံများက ပြောသည်။

"ရည်ရွယ်ချက်ရှိရှိလာပစ်တာ။ ည(၈)နာရီကျော်လောက်မှာ။ ညဘက်သို့ဆိုတော့ အသေးစိတ်တော့မသိရသေးဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

   

မတ်လ(၂၉)ရက်နေ့ကလည်း ကမ်းထောင့်ကြီးမြို့ကို စစ်ကောင်စီတပ်သင်္ဘောများက လက်နက်ကြီးနှင့်ပစ်ခတ်ရာ ဒေသခံ(၆)ဦး ဒဏ်ရာရရှိခဲ့သည်။ 

ထို့အပြင် စစ်ကောင်စီတပ်သည် မြေပုံမြို့နယ် စညှင်းရွာအနီးတဝိုက်ကိုလည်း ယင်း‌နေ့တွင် ဂျက်ဖိုက်တာနှင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင် သွားကြောင်း သိရသည်။

မြေပုံမြို့နယ်သည် ရခိုင်ပြည်မြောက်ပိုင်းတွင် ပါဝင်သော်လည်း ကမ်းထောင့်ကြီးတိုက်နယ်မြို့မှာ ရခိုင်တောင်ပိုင်း အမ်းမြို့နှင့် နီးကပ်သည့် မြို့နယ်ခွဲတစ်ခုဖြစ်ကာ တိုက်ပွဲကြောင့် ဒေသခံများ တိမ်းရှောင်နေပြီဖြစ်ကြောင်း သိရသည်။

 

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေကြောင်း ရက္ခိုင့်တပ်တော်က ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

အမ်းမြို့နယ်ရှိ စစ်ကောင်စီစခန်းများကို ရက္ခိုင့်တပ်တော်(AA)က ပြီးခဲ့သည့် မတ်လ(၂၄)ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

အမ်းမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ(၃၇၁)၊ ခမရ(၃၇၂)၊ ခမရ (၃၇၃)တပ်ရင်း၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်(G.E)၊ စစ် မြေပြင်အင်ဂျင်နီယာတပ်(B.E)၊ ဆေးတပ်နှင့် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့များရှိကြောင်း သိရသည်။

#TachileikNewsAgency

Video : Ko Maung Bu