ဖားကန့်မြို့  ကသိုင်းတောင်တပ်စခန်း ပြန်လည်ရရှိရေး စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲ၍ ထိုးစစ်ဆင်သော်လည်း သေဆုံးသူများပြီး ဆုတ်ခွါသွားရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ KIA သိမ်းပိုက်ထားသည့် ကသိုင်းတောင်တပ်စခန်းကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၈)ရက်နေ့တွင် တိုက်လေယာဉ်နှင့် ဗုံးကြဲကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း KIAနှင့် နီးစပ်သူများထံမှ သိရသည်။

ဩဂုတ်လ(၇)ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ အမှတ်(၆)တပ်ရင်းတပ်ဖွဲ့များမှ သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သော ကသိုင်းတောင်တပ်စခန်းအား စစ်ကောင်စီတပ်က ယနေ့တွင် တိုက်လေယာဥ်တစ်စီးဖြင့် ဗုံး(၃)လုံးကြဲကာ ညနေ(၆)နာရီဝန်းကျင်တွင် ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတပ်စခန်းကို KIA သိမ်းပိုက်ခဲ့ရာ တပ်စခန်းစွန့်ကာ ထွက်ပြေးသွားသည့် တပ်မ(၃၃)လက်အောက်ခံ ခလရ(၁၁၉)တပ်ရင်း၊ တပ်ဖွဲ့များနှင့် ဖားကန့်ဗျူဟာကုန်း၏ လုံခြုံရေးအဖွဲ့ ခလရ(၁၃) ပူးပေါင်းတပ်ဖွဲ့အင်အား (၇၀)ကျော်ဝန်းကျင်က ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။

ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များအား KIA တပ်ဖွဲ့က ထပ်မံစောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူများဖြင့် ပြန်လည်ဆုတ်ခွါထွက်ပြေးသွားသည်ဟု သိရသည်။

အဆိုပါစခန်းအား KIAက တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီ တပ်သား အများအပြားသေကာ လက်နက်ခဲယမ်းနှင့် တပ်သား(၃)ဦးအား ဖမ်းဆီးရမိခဲ့သေးသည်။

#TachileikNewsAgency

Video : CJ