ပခုက္ကူတပ်မ(၁၀၁)မှ ထွက်ခွာလာသော စစ်ကောင်စီတပ်ယာဉ်နှစ်စီး မိုင်းခွဲခံရ 

မကွေးတိုင်း ပခုက္ကူမြို့နယ် ကန်တော်ရွာကြား၌ စစ်ကောင်စီတပ်၏ ယာဉ်နှစ်စီးအား ၂၀၂၄ ခုနှစ် မတ်လ (၂၈)ရက်နေ့ ညနေပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ပခုက္ကူတပ်မ (၁၀၁)မှ ထွက်ခွာလာသော စစ်ကောင်စီတပ်သား ( ၇၂)ဦးပါ မော်တော်ယာဥ်တန်း (၂)စီးအား မတ်လ (၂၈)ရက်နေ့ ညနေ(၅)နာရီကျော်တွင် မြိုင်ပကဖမှဦးဆောင်၍ မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၁၁)ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း ထုတ်ပြန်ထားသည်။

မိုင်းဆွဲတိုက်ခိုက်ခြင်းကို မြိုင်ပကဖဦးဆောင်၍ Black Cobra၊ PKU Thurain၊ DMG ဓါးမင်းကြီးတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုသည် မြိုင်မြို့နယ်ရှိ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းတစ်ခုကို စစ်ကောင်စီတပ် ပူးပေါင်း ပျူစောထီးများက ဝင်ရောက်တိုက်ခိုက်ရာ ရဲဘော်တစ်ဦးကျဆုံးပြီး လက်နက်ခဲယမ်းတချို့ ဆုံးရှုံးသွားခြင်းကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 

ယမန်နေ့ ၂၀၂၄ ခုနှစ် မတ်လ(၂၇)ရက်နေ့ နံနက်ပိုင်းက ကန်နီရွာ ပျူစောထီးများနှင့် စစ်ကောင်စီတပ်များသည် အင်အား(၁၅၀)ဝန်းကျင်ဖြင့် ကန်နီရွာ  မြောက်ဘက် (၂)မိုင်ခန့်အကွာရှိ တောင်ဘို့လမ်းခွဲမှ မြိုင် ပကဖ တပ်စခန်းငယ်ကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ကို စခန်းရှိ ပကဖ တပ်ဖွဲ့ဝင် (၄)ဦးမှ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှာ သာလွန်အင်အားဖြစ်နေသောကြောင့် စခန်းဆုတ်ခွာချိန်တွင် ရဲဘော် အရာတော်မှာ လက်မောင်းကျည်ထိမှန်သွားပြီး အခြားတပ်ဖွဲ့ဝင်များ လွတ်မြောက်စေရန် ခုခံပစ်ခတ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ရဲဘော်အရာတော်မှာ အဆိုပါနေရာတွင်ပင် ကျဆုံးသွားခဲ့ပြီး သေနတ်(၂)လက်နှင့် ကျည်ဘောက်(၅)ခု၊ ကျည်(၁၇၀)တောင့်၊ စကားပြောစက်(၇)လုံး၊ အီကွက်မန့်(၄)စုံနှင့် မော်တော်ယဥ် (၂)စီးတို့ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ကျဆုံးသွားခဲ့သော ရဲဘော်အရာတော်အား မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ ယင်းနေ့ညနေ(၅)နာရီအချိန်တွင် ကောင်းမွန်စွာ မီးသဂြိုလ်ပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Video : မြိုင်-ပကဖ