အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် UWSA ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေး

အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် UWSA  ပန်ဆန်းမြို့တွင် နိုဝင်ဘာလ ၁၁ ရက်နေ့က တွေ့ဆုံစဉ်
အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် UWSA ပန်ဆန်းမြို့တွင် နိုဝင်ဘာလ ၁၁ ရက်နေ့က တွေ့ဆုံစဉ်
အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် UWSA ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပေါက် - မိုင်းလား - ကျိုင်းတုံလမ်းရှိ ဝမ်တာပင်းတံတားအား ပြန်လည်ဖွင့်လှစ်ရန်ကိစ္စကို နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် UWSA တို့ ပန်ဆန်းမြို့၌ ဆွေးနွေးမှုတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း UWSA ၏ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်း၏ နိုဝင်ဘာလ (၁၄)ရက်နေ့က ဖော်ပြချက်အရ သိရသည်။

နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် UWSA ဌာနချုပ်ရှိရာ ပန်ဆန်းမြို့တွင် နိုဝင်ဘာလ (၁၁) ရက်နေ့က UWSA ဥက္ကဌ ဦးပေါက်ယူချန်း၊ ဒု ဥက္ကဌ ဦးရှောက်မင်လျန်နှင့်အဖွဲ့တို့ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါဂိတ်မှာ အထူးဒေသ (၄) မိုင်းလားဒေသတွင် UWSA တပ်ဖွဲ့များ ဝင်ရောက်ခြင်းနှင့်ပတ်သက်၍ အခြေအနေမတည်ငြိမ်မှုများ ဖြစ်ပြီးနောက် ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၂၃)ရက်နေ့ ညနေ (၄)နာရီမှစ၍ မိုင်းလားဘက်မှ ရုတ်တရက်ပိတ်ခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ပန်ဆန်းမြို့တွင် တွေ့ဆုံရာ၌ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ ချစ်ကြည်ရေးအမှာစကားများကို ပြောကြားခဲ့ပြီး ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆွေးနွေးကြခြင်းဖြစ်ကြောင်း ဦးညီရမ်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြချက်အရ သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် နှစ်ဖက်ယုံကြည်မှု ဆက်လက်တည်ဆောက်ရန်၊ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ရန် နိုင်ငံတော်အစိုးရအနေဖြင့် လမ်းခင်းကတ္တရာများ ပံ့ပိုးရန်၊ မိုင်းမောခရိုင် မန်တွန်းမြို့နယ် တွင် ကီလိုဝပ် (၆၀၀၀၀) ထုတ်လုပ်နိုင်သော ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ခွင့်ပြုရန်၊မိုင်းပေါက်-မိုင်းလား-ကျိုင်းတုံ လမ်းအကြားတွင်ရှိသော ဝမ်တာပင်း တံတားပြန်ဖွင့်ရန်၊ "ဝ "ဒေသမှ ကျောင်းသားများ အခြားဒေသများတွင် ပညာသင်ကြားနိုင်ရေး နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးရန်၊ ရှမ်းပြည်နယ်လွှတ်တော်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် MNDAA၊ TNLA နှင့် AA တို့အား အကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်ပေးရန်နှင့် ပြည်ထောင်စုမှ ခွဲထွက်ခြင်းမပြုကြောင်း UWSA ဒု ဥက္ကဌ ဦးရှောက်မင်လျန်က သဘောထားတင်ပြပြီး နိုင်ငံရေးဆွေးနွေးရာတွင် UWSP/UWSA အဖွဲ့အနေဖြင့် NCA စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးစေလိုကြောင်း ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့က တိုက်တွန်းပြောကြားခြင်းအား UWSP/UWSA အနေဖြင့် FPNCC ကော်မတီ၏ ယခင်ထုတ်ပြန်ကြေညာထားသောနိုင်ငံရေးမူဘောင်များအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။

ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် မိုင်းလားဒေသသို့ နိုဝင်ဘာလ (၁၂ ) ရက်နေ့တွင် ဆက်လက်ထွက်ခွာပြီး တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။