ညပိုင်းများတွင် KTV နှင့် Club များ  ဖွင့်လှစ်ခွင့်ပြုထားသည့် တာချီလိတ်မြို့တွင် (၂)ရက်အတွင်း ဖမ်းခံရသည့် (၁၀)ဦးအနက် (၅)ဦးကို ညမထွက်ရအမိန့်ချိုးဖောက်မှုဖြင့် ထောင်ဒဏ် (၁)လစီ ချမှတ်

ညပိုင်းများတွင် KTV နှင့် Club များ  ဖွင့်လှစ်ခွင့်ပြုထားသည့် တာချီလိတ်မြို့တွင် (၂)ရက်အတွင်း ဖမ်းခံရသည့် (၁၀)ဦးအနက် (၅)ဦးကို ညမထွက်ရအမိန့်ချိုးဖောက်မှုဖြင့် ထောင်ဒဏ် (၁)လစီ ချမှတ်
မေ 26, 2021 | ရှမ်းရှေ့

ဒေသအုပ်ချုပ်ရေးအာဏာပိုင်များမှ ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း ညပိုင်းများတွင် KTV နှင့် Club များ ဖွင့်လှစ်ခွင့်ပြုထားသည့် တာချီလိတ်မြို့တွင် (၂)ရက်အတွင်း ဖမ်းခံရသည့် (၁၀)ဦးထဲက (၅)ဦးကို ညမထွက်ရအမိန့် ချိုးဖောက်မှုဖြင့် ထောင်ဒဏ်(၁)လစီ ချမှတ်လိုက်ကြောင်း သိရသည်။

၂၀၂၁ခုနှစ် မေလ(၂၂)ရက်နေ့ ညပိုင်းက ကိုထက်ကျော်လင်း၊ ကိုစိုင်းစံမြ၊ ကိုအိုက်ကင်း၊ မောင်နော်တီး၊ မောင်အားဂျာ၊ မောင်အားရှု၊ မောင်လောဆားနှင့် စိုင်းရွှေအောင်၊ မေလ(၂၃)ရက်နေ့က  ကိုစိုင်းဝန်းလတ် နှင့် ကိုသက်ပိုင် (၂)ရက်အတွင်း စုစုပေါင်း (၁၀)ဦးသည် ညပိုင်း၌ ညမထွက်ရအမိန့် ချိုးဖောက်မှုဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးခံခဲ့ရသည့် (၁၀)ဦးအနက်  မောင်နော်တီး၊ မောင်အားဂျာ၊ မောင်အားရှု၊ မောင်လောဆားနှင့် စိုင်းရွှေအောင်တို့သည် အသက်(၁၈)နှစ်မပြည့်သေးဘဲ အသက်(၁၃)နှစ်မှ အသက်(၁၆)နှစ်အရွယ်များအထိသာ ရှိသေးသည့်အတွက် တရားရုံးသို့ မစွဲတင်တော့ဘဲ အသက်ပြည့်ပြီး ဖြစ်သည့် ကိုထက်ကျော်လင်း၊ ကိုစိုင်းစံမြ၊ ကိုအိုက်ကင်း၊ ကိုစိုင်းဝန်းလတ် နှင့် ကိုသက်ပိုင်တို့ (၅)ဦးကို မေလ(၂၄)ရက်နေ့က တရားရုံးသို့ စွဲတင်လိုက်ကြောင်း သိရသည်။

အသက်ပြည့်ပြီးသည့် (၅)ဦးကို ညမထွက်ရအမိန့်ချိုးဖောက်မှုဖြင့် ရာဇသတ်ကြီးပုဒ်မ - ၁၈၈ဖြင့် တွဲဖက်တရားသူကြီး ဦးချစ်ဝိုင်းက ထောင်ဒဏ်(၁)လစီ အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် Covid-19 ထိန်းချုပ်ရေးအတွက်သာ ထုတ်ပြန်ထားခဲ့သည့် ညမထွက်ရမိန့်ကို ယခုအခါမှာ နိုင်ငံ့အာဏာသိမ်းခံထားရပြီးနောက် ဒေသတည်ငြိမ်ရေးအတွက်ဟုဆိုကာ ညမထွက်ရအမိန့် ပြောင်းလဲထားခြင်း မရှိသေးဘဲ ယခင်အတိုင်း ည(၈)နာရီမှ နောက်တစ်နေ့ နံနက်(၄)နာရီအတွင်း ညမထွက်ရအမိန့် ဆက်လက်ထုတ်ထားနေဆဲဖြစ်သော်လည်း KTV နှင့် Club များသို့ သွားရောက်သူများမှာ အပြန်တွင် ရဲတပ်ဖွဲ့က စောင့်ဖမ်းပြီး ငွေကြေးအမျိုးမျိုး တောင်းခံမှုများ နှင့် ညှိနှိုင်းမရသူများကို အရေးယူခြင်းများ လုပ်ဆောင်နေသည်ဟု   ကြားသိနေရသည်။