Covid-19 အတည်ပြုလူနာ (၈)ဦးအထိ ရှိနေသည့် မိုင်းယောင်းမြို့တွင် မည်သူမဆို လာရောက် စစ်ဆေးမှု ခံယူနိုင်ရန် အမှတ်(၉)ရပ်ကွက်အတွင်း Fever Clinic ဖွင့်လှစ်

Covid-19 အတည်ပြုလူနာ (၈)ဦးအထိ ရှိနေသည့် မိုင်းယောင်းမြို့တွင် မည်သူမဆို လာရောက် စစ်ဆေးမှု ခံယူနိုင်ရန် အမှတ်(၉)ရပ်ကွက်အတွင်း Fever Clinic ဖွင့်လှစ်
ဒီဇင်ဘာ 10, 2020
By Tachileik News Agency
Covid-19 အတည်ပြုလူနာ (၈)ဦးအထိ ရှိနေသည့် မိုင်းယောင်းမြို့တွင် မည်သူမဆို  လာရောက် စစ်ဆေးမှု ခံယူနိုင်ရန် အမှတ်(၉)ရပ်ကွက်အတွင်း Fever Clinic  ဖွင့်လှစ်
 
 
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်း Covid-19 အတည်ပြုလူနာ (၇)ဦးအထိရှိနေသည့် မိုင်းယောင်းမြို့တွင် မိမိကိုယ်ကိုယ် Covid-19 ကူးစက်ခံရကြောင်း သံသယရှိလျှင် လာရောက် စစ်ဆေးနိုင်ရန်အတွက် အမှတ်(၉)ရပ်ကွက်တွင် Fever Clinic ကို ဒီဇင်ဘာလ(၁၉)ရက်နေ့ကစ၍ ဖွင့်လှစ်ပေးထားပြီဖြစ်ကြောင်း သိရသည်။
“လက်ရှိမှာ ဒေသကူးစက်မှု ဖြစ်သွားပါပြီ၊ ရောဂါဖြစ်ပွားရာ မြို့နယ်မှ ပြန်လာသူရဲ့ မိသားစုတွေ ရောဂါထပ်ကူးနေပါတယ်၊ ခရီးသွားရာဇဝင်လည်း မရှိပါဘူး၊ မြို့နယ်အတွင်း ဒီရောဂါကို ထိန်းချုပ်နိုင်ဖို့ဆိုရင် အဓိကဖြစ်တဲ့ မလိုအပ်ဘဲ အိမ်အပြင် မထွက်ကြပါနဲ့၊ မဖြစ်မနေ ထွက်ရပါက Mask တပ်ပါ၊ အိမ်ပြန်ရောက်တဲ့အခါ Mask ကို စနစ်တကျ ပြန်လည်စွန့်ပစ်ပါ၊ လက်ဆေးပါ၊ လူစုလူဝေးရှောင်ပါ၊ ဒီကာလမှာ အတည်ပြုလူနာနဲ့ ထိတွေ့မှု ရှိတဲ့သူဘဲဖြစ်ဖြစ်၊ မရှိတဲ့သူဘဲဖြစ်ဖြစ် ဖျားတယ်၊ ချောင်းဆိုးတယ်၊ လည်ချောင်းနာတယ်၊ အသက်ရှူကြပ်တယ်၊ အနံ့မရ လက္ခဏာတွေရှိရင် Fever Clinic မှာ လာရောက်စမ်းသပ်နိုင်ပါတယ်”ဟု မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းက ပြောသည်။
 
မိုင်းယောင်းမြို့ရှိ အမှတ်(၉)ရပ်ကွက်တွင် Fever Clinic ကိုယ်ပူဖျားနာဆေးကုခန်းကို နေ့စဉ် နံနက်(၉) နာရီမှ မွန်းလွဲ (၁)နာရီအထိ   ဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး မြို့နယ်တွင်းနေ မည်သူမဆို ဖျားနာ၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ အသက်ရှူကြပ်၊ အနံ့မရ၊ နှာစေး၊ အရသာခံစား မရသူများ လာရောက်ပြသပြီး ကျန်းမာရေးစစ်ဆေးမှု ခံယူနိုင်ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် ဒီဇင်ဘာ (၉)ရက်အထိ Covid-19 ကူးစက်မှုများနေသည့် တာချီလိတ်မြို့မှ ပြန်လာသူ (၅)ဦးနှင့် ဒေသတွင်း ကူးစက်ခံရသူ (၃)ဦး  စုစုပေါင်း အတည်ပြုလူနာ (၈)ဦးရှိသိရသည်။
မိုင်းယောင်းမြို့နယ်တွင် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများ၊ ပြည်တွင်း Stay At Home အစီအစဉ်တွင် အကျုံးဝင်သော မြို့နယ်များနှင့် ရောဂါဖြစ်ပွားရာ မြို့နယ်များမှ ပြန်လည်ဝင်ရောက်လာသူများကို မြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် Community Based Facility Quarantine Center များတွင် ထးရှိသည်။
 အတည်ပြုလူနာများနှင့် ထိတွေ့သူများ အပါအဝင် အခြားဒေသမှ ပြန်လာသူများကို Facility Quarantine ထားရှိရာ စုစုပေါင်း (၂၃၃)ဦး၏ ဓါတ်ခွဲနမူနာများကို  ဒီဇင်ဘာ (၈)ရက်က  တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)သို့ ပို့စစ်ထားကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်အတွင်း Covid-19 ကူးစက်မှုများကို ထိန်းချုပ်နိုင်ရန်အတွက် “I Stay At Work For You/ You Stay At Home For Us”၊ “လက်ကို ဆပ်ပြာနှင့် မကြာခဏဆေးပါ”၊ “နှာခေါင်းစည်းတပ်ပါ”၊ “ချောင်းဆိုးနှာချေလျှင် နှာခေါင်းနှင့်ပါးစပ်ကို အုပ်ထားပါ”၊ “လူထူထပ်သောနေရာများ ရှောင်ကြဉ်ပါ”၊ “၁၂ နှစ်အောက် ကလေးငယ်များကို မလိုအပ်ဘဲ ဆေးရုံခေါ်မလာပါနဲ့”၊ “ကိုယ်ခံအားကောင်းအောင် နေထိုင်ပါ”၊ “တိရစ္ဆာန်များနှင့် အနီးကပ်နေထိုင်ခြင်း ရှောင်ကြဉ်ပါ”၊ “မမှန်ကန်သောရောဂါသတင်း ဖြန့်ဝေခြင်းရှောင်ကြဉ်ပါ” စသည့်  အရေးကြီးအချက်များကို မိဘပြည်သူများအနေနှင့် မပေါ့ဆကြဘဲ လိုက်နာဆောင်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်လျက်ရှိသည်။
 
  Tachileik News Agency
သတင်း - စိုင်းအောင်ဇော်လင်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~