တာချီလိတ်မြို့တွင် စစ်တပ်နှင့်ရဲတို့ ဝင်ရောက် စွတ်ဖက်ရဲခြင်း မရှိသည့် "ဝ"နှင့် တရုတ်တို့၏ ပိုင်နက်အတွင်း၌ ခြိမ်းခြောက်မှုများ ကြုံနေရ

တာချီလိတ်မြို့တွင် စစ်တပ်နှင့်ရဲတို့ ဝင်ရောက် စွတ်ဖက်ရဲခြင်း မရှိသည့် "ဝ"နှင့် တရုတ်တို့၏ ပိုင်နက်အတွင်း၌ ခြိမ်းခြောက်မှုများ ကြုံနေရ
မတ် 3, 2023 | ရှမ်းရှေ့

 နယ်စပ်ဒေသ တာချီလိတ်မြို့တွင် စစ်တပ်နှင့်ရဲတို့ ဝင်ရောက် စွတ်ဖက်ရဲခြင်းမရှိသည့် "ဝ"နှင့် တရုတ်တို့ ၏ ပိုင်နက်ဖြစ်သည့် နေရာများအနက် ခမရ(၃၃၁) စစ်တပ်အနီး ဟုန်ပန်းကွင်းအတွင်း၌ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူ အချို့အပေါ် ငွေကြေးမပေးလို့၍ ခြိမ်းခြောက်ကာ လျော်ကြေးတောင်းမှုများရှိနေပြီး အဆိုပါ ကွင်းအတွင်း၌ ပိတ်လောင်ခံထားရသည့် တရားမဝင် အွန်လိုင်းလုပ်ငန်း လုပ်ကိုင်ပေးနေရသော လူငယ်များစွာလည်း ရှိနေကြောင်း သိရသည်။

"ဒီထဲမှာ ဆောက်လုပ်ရေးအပိုင်း ဆောက်လုပ်တာ၊ မြေတူးတာ၊ ရေတွင်းတာ၊ ခြံစည်းရုံးလုပ်တာ အလုပ်သဘောအရ သူတို့ လိုချင်သလို လုပ်ပေးကြပါတယ်။ ဒါပေမဲ့ တချို့ အပိုင်းတွေမှာတော့ လုပ်ငန်းပြီးတော့ ငွေမပေးချင်တဲ့ သဘောနဲ့ မင်းတို့ကြောင့် ငါတို့ ဝယ်ထားတဲ့ လူတစ်ယောက် ထွက်ပြေးသွားတဲ့အတွက် လျော်ကြေးငွေပေးရမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆို တောင်းတာတွေရှိတယ်။ အသိထဲမှာ ကြုံခဲ့ရတာပေါ့"ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

အဆိုပါ ကွင်းအတွင်း တရားမဝင် အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းပေါ် လိမ်လည်သည့် လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် လူငယ်များကို ခြိမ်းခြောက်ကာ အလုပ်ခေါ် စာချုပ်များပေါ် လက်မှတ်များထိုးခိုင်းပြီး ပိတ်လှောင်ထားကာ ခိုင်းစေရာမှ အချို့မှာ လစ်ရင်လစ်သလို ထွက်ပြေးကြသလို အချို့မှာလည်း ထွက်ပြေးရန် ကြိုးစားချိန် ပြန်ဖမ်းခံရပြီး နှိမ်စက်ခံရမှုများ ရှိနေကြောင်းထွက်ပြေးလွတ်မြောက်လာသူများထံက သိရသည်။

"အဲ့ထဲမှာ ခြိမ်းခြောက်ပြီး ခိုင်းခံထားရတဲ့လူငယ် ထဲက ထွက်ပြေးသူတွေရှိတာ။ အဲ့မှာ အလုပ် လုပ်ရဖို့ ပွဲစားတွေကနေ တဆင့် ဝင်ရတာရှိသလို ကိုယ့်ဘာသာ လျှောက်လို့ အလုပ်ရသွားတာလဲရှိတာပေါ့။ အလုပ်လျှောက်တုန်းက အပြောတမျိုး၊ တကယ်လုပ်ရတော့ တမျိုး အဲ့လိုဖြစ်နေတာ။ အဲ့ထဲ ရောက်သွားရင် စစ်တပ်က လူတွေနဲ့ ရဲတွေ ဝင်စွတ်ဖက်ပိုင်ခွင့်မရှိဘူး။ ဝင်လည်း မစွတ်ဖက်ရဲကြတဲ့ သဘောဖြစ်နေကြတယ်။ အဲ့ကနေ မခံနိုင်တဲ့အချိန် ထွက်ပြေးသွားတော့ အဲ့မှာ ဆောက်လုပ်ရေးအပိုင်း လုပ်နေတဲ့ လူတွေကို မင်းတို့ကြောင့် ငါတို့ ဝယ်ထားတဲ့သူ ထွက်ပြေးသွားရတာ။ အဲ့အတွက် မင်းတို့ လုပ်အားခကိုလည်း မပေးနိုင်ဘူး ငါတို့ ဝယ်ထားတဲ့ လူထွက်ပြေးသွားတဲ့အတွက် မင်းတို့မှာ တာဝန်ရှိတယ်ဆိုပြီး  တချို့ကို ဘတ်(၁)သိန်းလျော်ခိုင်းသလို၊ တချို့ကို ဘတ်(၁)သိန်းခွဲအထိ လျော်ခိုင်းတာလည်းရှိတယ်။"ဟု ဒေသခံ တစ်ဦးက ‌Tachileik News Agency သို့ ၂၀၂၃ခုနှစ် မတ်လ(၃)ရက်နေ့တွင် ပြောသည်။

လူ့အခွင့်ရေးချိုးဖောက်ခံရခြင်းနှင့် လူကုန်ကူးခံရသဖွယ် ခံစားရခြင်း၊ ရပိုင်ခွင့် ဆုံးရှုံးခြင်းများအတွက် သက်ဆိုင်ရာသို့ တိုင်ကြားရန်မှာလည်း ကူညီမဲ့သည်ဟု ဆိုသည်။



"အဲ့လို ခြိမ်းခြောက် ခံရတဲ့လူက သက်ဆိုင်ရာကို တိုင်မယ်လို့ ပြောကြတဲ့အခါ မင်းတို့ ရဲကိုတိုင်တိုင်၊ စရဖကိုပဲ တိုင်တိုင် ငါတို့က ဗျူဟာမှူးတို့ စရဖတို့ကို ငွေပေးပြီးသား ပိုင်ပြီးသားဆိုပြီး ပြောတာတွေရှိတယ်၊ အဲ့တော့ ကူကယ်ရမဲ့တဲ့ သဘောဖြစ်သွားတော့သူတို့ပြောသမျှ ခိုင်းသမျှ လုပ်နေရတယ်"ဟု ၎င်းက ပြောသည်။

တာချီလိတ်မြို့တွင် နိုင်ငံ့အာဏာသိမ်းထားသည့် (၂)နှစ်ကာလအတွင်း၌ လောင်းကစားလုပ်ငန်းများ ပိုမိုများပြားလာသလို တရုတ်နိုင်ငံသားများလည်း များပြားလာရာ တရုတ်များမှာ "ဝ"အဖွဲ့၏ အင်အားကို ရယူပြီး ကွင်းကျယ်ကျယ် ခြံကျယ်ကျယ်တွင် အလုံပိတ်၍ တရားမဝင် လုပ်ငန်းများ လုပ်ကိုင်နေသည်ကို တာချီလိတ်တပ်နယ်နှင့် ရဲတပ်ဖွဲ့က သိရှိထားသလို ပါဝင်ပတ်သက်မှုများပါရှိသည်ဟု သိရသည်။