တာချီလိတ်မြို့တွင် ကုသမှုခံယူနေသည့် Covid-19 အတည်ပြုလူနာများ ဆေးရုံတက်စဉ် စားသောက်ရေးအတွက် အလှူရှင်များ တာဝန်ယူ

တာချီလိတ်မြို့တွင် ကုသမှုခံယူနေသည့် Covid-19 အတည်ပြုလူနာများ ဆေးရုံတက်စဉ် စားသောက်ရေးအတွက် အလှူရှင်များ တာဝန်ယူ
ဒီဇင်ဘာ 1, 2020
By Tachileik News Agency

 

တာချီလိတ်မြို့တွင် ကုသမှုခံယူနေသည့် Covid-19 အတည်ပြုလူနာများ  ဆေးရုံတက်စဉ် စားသောက်ရေးအတွက် အလှူရှင်များ တာဝန်ယူ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အတည်ပြုလူနာများ၏ ဆေးရုံတက်ရောက်စဉ် စားသောက်ရေးအတွက် အလှူရှင်များက တာဝန်ယူပေးထားကြောင်း သိရသည်။
"ဆေးရုံက အတည်ပြုလူနာတွေ စားသောက်ရေးအတွက် တာချီလိတ်နာရေးကူညီမှုအသင်း ကိုလှမိုးတို့က တာဝန်ယူမယ်လို့ ပြောထားတာရှိတယ်။ သူတို့က အစအဆုံး တောက်လျှောက် တာဝန်ယူသွားမယ်လို့ ပြောတယ်။ ဒါပေမဲ့ နေ့လယ်က ခရိုင်အုပ်ချုပ်ရေးအဖွဲ့နဲ့တွေ့တော့ လူနာတွေ များလာရင် သူတို့ မနိုင်မနင်းဖြစ်မှာလည်း စိုးတယ်ပေါ့နော်။ ဒီဆေးရုံအသစ်၊ အဟောင်းထဲမှာရှိတဲ့ လူနာတွေကိုတော့ ဦးလှမိုးတို့က တာဝန်ယူ၊ မိုးကုတ်က လူနာတွေကိုတော့ သူတို့ခရိုင်ဘက်က တာဝန်ယူသွားမယ်ပေါ့"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ(၃၀)ရက်နေ့က ပြောသည်။
တာချီလိတ်မြို့တွင် အတည်ပြုလူနာ တိုးလာနေသဖြင့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့မှစ၍ ကုသဆောင်အသစ်အဖြစ် တိုးချဲ့ထားသည့် မိုးကုတ်ဝိပဿနာတရားရိပ်သာနှင့် ဆေးရုံဟောင်းရှိ ကုသဆောင်တို့၌ လူနာများထားရှိကုသပေးနေရာတွင် အတည်ပြုလူနာများအတွက် နေ့စဉ်အစားအသောက်ကို အလှူရှင်အချို့က လှူဒါန်းလာခြင်းဖြစ်သည်။
"ကျွန်တော်တို့ကတော့ လိုအပ်တဲ့နေရာမှာ လှူပေးနေကြပါပဲ။ အလှူရှင်တွေကလည်း ကျွန်တော်တို့ဆီကနေ လှူတာတွေလည်းရှိတယ်။ အခုဆေးရုံက အတည်ပြုလူနာတွေအတွက် လိုအပ်တယ်ကြားတော့ ကျွန်တော်တို့ ရေရှည်၊ ရက်ရှည်လှူပေးဖို့ ဆုံးဖြတ်လိုက်တာပါ။ ကျွန်တော်တို့လှူပြီး နှစ်ရက်လောက်နေတော့ 1G1 ဟိုတယ်က သူတို့ လှူမယ်လို့ ဆက်သွယ်လာတယ်။ ကျွန်တော်တို့က အလှူရှင်မရှိဘူး လိုအပ်တယ်ဆိုတဲ့အချိန် လှူဒါန်းသွားမှာပါ"ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဆေးရုံတက်လူနာများ၏ စားသောက်ရေးတာဝန်ယူမှုနှင့်ပတ်သက်၍ တာချီလိတ်ခရိုင် COVID ကော်မတီ က စီစဉ်ပေးနေမှုများရှိသည့်အပြင် တာချီလိတ်နာရေးကူညီမှုအသင်းအပါအဝင် 1G1 ဟိုတယ် တို့မှ လှူဒါန်းပေးနေသလို quarantine center များတွင်လည်း စေတနာရှင် အလှူရှင်များက သွားရောက်လှူဒါန်းပေးနေကြောင်းလည်း သိရသည်။ 
"ကျွန်တော်တို့ လွန်ခဲ့တဲ့ နှစ်ရက်၊ သုံးရက်ကတည်းက စလှူနေတာပါ။ ဆေးရုံအသစ်မှာ လူနာတွေရှိတုန်းကလည်း ဆေးရုံအသစ်ရော၊ ဆေးရုံအဟောင်းမှာရော လူနာတွေအတွက် မနက်စာ၊ နေ့လယ်စာ၊ ညစာ ပို့ပေးနေပါတယ်။ နောက် quarantine center တွေကိုလည်း ပို့ပေးနေပါတယ်။ အခု မိုးကုတ်မှာ အတည်ပြုလူနာတွေထားတော့ အဲဒီမှာလည်း ပို့ပေးပါတယ်။ အစားအသောက်တင် မဟုတ်ပါဘူး။ သူတို့  တခြား ရေတို့ဘာတို့ လိုအပ်တာလည်း ပြောလာရင် ကျွန်တော်တို့က လှူသွားမှာပါ။ quarantine center မှာလည်း တခြားလိုအပ်တဲ့ပစ္စည်းတွေ ကျွန်တော်တို့ လှူပေးသွားမှာပါ"ဟု အတည်ပြုလူနာများ အပါအဝင် ထိတွေ့လူနာများအား 1G1 ဟိုတယ်မှ ကူညီပေးရေး တာဝန်ခံဖြစ်သူက ပြောသည်။
တာချီလိတ်မြို့တွင် နိုဝင်ဘာလ (၂၅) ရက်နေ့မှစ၍ ဒေသတွင်းကူးစက်သည့်ပုံစံဖြင့် အတည်ပြုလူနာ (၁)ဦးကို စတင်တွေ့ရပြီးနောက် ဒီဇင်ဘာလ (၁)ရက်နေ့ နေ့လယ်ပိုင်းအထိ အတည်ပြုလူနာ စုစုပေါင်း (၄၉)ဦးရှိလာပြီဖြစ်ပြီး ထိတွေ့သူများအား ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း နှင့် အခြားဒေသမှ လာပြီး ပိုးတွေ့သည့် (၄)ဦး အပါအဝင် စုစုပေါင်း (၄၉)ဦးအထိ လက်ရှိတွင် ဆေးကုသမှု ခံယူနေလျှက်ရှိကြောင်း သိရသည်။ 
Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း၊ Tachileik Volunteer
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~