တာချီလိတ်မြို့မှ ပထမဆုံး COVID-19 ကလေးလူနာ ဆေးရုံဆင်း

တာချီလိတ်မြို့မှ ပထမဆုံး COVID-19 ကလေးလူနာ ဆေးရုံဆင်း
ဒီဇင်ဘာ 12, 2020
By Tachileik News Agency
တာချီလိတ်မြို့မှ ပထမဆုံး COVID-19 ကလေးလူနာ ဆေးရုံဆင်း
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းမှ ပထမဆုံး COVID-19 ကလေးလူနာဖြစ်သည့် အသက် (၂)နှစ်အရွယ် အတည်ပြုလူနာမှာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့၌ ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်သည်။
တာချီလိတ်မြို့တွင် နိုဝင်ဘာလ (၂၅)ရက်နေ့မှစ၍ ဒီဇင်ဘာလ (၁၂) ရက်နေ့အထိ COVID 19 ဒေသတွင်းကူးစက်မှုကို စတင်တွေ့လာရပြီးနောက် အသက် (၅) လမှ အသက် (၉) နှစ်အရွယ်ကြား ကလေးငယ် (၈) ဦးတွင် COVID-19 ရောဂါကူးစက်ခံထားရသဖြင့် မိဘများ၊ အုပ်ထိန်းသူများအနေဖြင့် သတိထားကြရန် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာကျော်စွာမြင့်က သတိပေးထားသည်။
“ကလေးတွေက အပြင်သွားလို့ ကူးတာမျိုး မဟုတ်ပါဘူး။ လူကြီးတွေကနေ ကူးတာ။ မိဘတွေ၊ ဆွေမျိုးသားချင်းတွေကနေ ကူးတာ။ သူတို့ကအပြစ်မဲ့စွာ တဆင့်ခံကူးစက်မှုတွေဖြစ်တယ်။ ကလေးတွေ မကူးဖို့၊ ကူးစက်မှုနည်းဖို့ဆို နံပါတ် (၁) အုပ်ထိန်းသူမိဘတွေက သတိထားဖို့လိုပါတယ်။ အပြင်မထွက်ဖို့နဲ့ လူစုလူဝေးရှောင်ဖို့ အရေးကြီးပါတယ်။ နံပါတ် (၂) က မဖြစ်မနေအပြင်ထွက်ရပြီဆိုရင် တတ်နိုင်သမျှ ကလေးတွေကို အပြင်ခေါ်မသွားဖို့၊ မဖြစ်မနေခေါ်သွားရပြီဆိုရင် လူစုလူဝေးရှောင်ကျဉ်ဖို့ (၆) ပေအကွာကနေနေဖို့၊ Mask တပ်ဖို့၊ လက်ဆေးဖို့တွေ လုပ်ရင်ကလေးတွေ ကူးစက်မှုလျော့သွားပါလိမ့်မယ်”ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာကျော်စွာမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 
ကလေး (၁) ဦးဆေးရုံဆင်းသွားပြီဖြစ်၍ ကျန်အတည်ပြုလူနာကလေးငယ် (၇) ဦးကို တာချီလိတ်မြို့ ဆေးရုံဟောင်းဝင်းအတွင်းရှိ ကုသဆောင်တွင်ထားရှိကာ ဆက်လက်စောင့်ကြည့် ကုသပေးနေခြင်းဖြစ်သည်။
“ကလေးတွေ COVID 19 ဖြစ်တယ်ဆိုရင် တစ်ကမ္ဘာလုံးမှာ စာရင်းဇယားတွေကြည့်တဲ့အခါမှာ ကလေးက (၃) ရာခိုင်နှုန်းလောက်ဖြစ်တယ်။ လူကြီး (၉၇) ယောက်ဖြစ်ရင် ကလေးက (၃) ယောက်လောက်ဖြစ်တတ်တယ်။ တာချီလိတ်မှာဆိုရင် (၉၇) ယောက်လောက်ရှိတဲ့အထဲမှာ ကလေးက (၈) ယောက်ပါတော့ ရာခိုင်နှုန်းက များတယ်။ အခြားဒေသတွေနဲ့ယှဉ်ရင် များနေတယ်။ (၇) ရာခိုင်နှုန်းကျော်လောက်ရှိတယ်”ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာကျော်စွာမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့မှ ဒီဇင်ဘာလ (၁၂) ရက်နေ့အထိ COVID-19 အတည်ပြုလူနာ (၉၆) ဦးတွေ့ရှိထားပြီး ဆေးရုံမှဆင်းခွင့်ရသူ (၆၀) ဦးရှိသွားသဖြင့် ကျန် (၃၆) ဦးကို ကုသမှုပေးနေပြီး ယင်းတို့ထဲတွင် ကလေးငယ် (၇) ဦးပါဝင်သည်။ 
  Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~