တာချီလိတ်မြို့တွင် Covid-19 ကူးစက်နေမှုကြောင့် နေရပ်ပြန်လိုသည့် အထောက်အထားမဲ့ ထိုင်းနိုင်ငံသားများကိစ္စ ပြည်နယ်သို့ တင်ပြထား

တာချီလိတ်မြို့တွင် Covid-19 ကူးစက်နေမှုကြောင့် နေရပ်ပြန်လိုသည့် အထောက်အထားမဲ့ ထိုင်းနိုင်ငံသားများကိစ္စ ပြည်နယ်သို့ တင်ပြထား
ဒီဇင်ဘာ 6, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် Covid-19 ကူးစက်နေမှုကြောင့် နေရပ်ပြန်လိုသည့် အထောက်အထားမဲ့ ထိုင်းနိုင်ငံသားများကိစ္စ ပြည်နယ်သို့ တင်ပြထား
မြန်မာ - ထိုင်း နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် Covid-19 ကူးစက်မှုများနေသည့်အတွက် ထိုင်းနိုင်ငံဘက်ပြန်ရန် စာရင်းပေးထားသူများအနက် တရားမဝင်နေထိုင်နေသည့် ထိုင်းနိုင်ငံသားများကို လက်ခံပေးကာ မြန်မာလဝကဥပဒေဖြင့် အရေးယူပြီး ထိုင်းဘက်သို့ ပြန်လွှဲရန်အတွက် ပြည်နယ်သို့ တင်ပြထားကြောင်း သိရသည်။ 
“ကျွန်တော်တို့ ပြည်နယ်ကို တင်ပြထားပါတယ်။ ပြည်နယ်ကနေ ဘယ်လိုပုံစံနဲ့ ဆောင်ရွက်ဖို့ဆိုတာ ညွှန်ကြားလာရင်တော့ ကျွန်တော်တို့ ဆောင်ရွက်သွားဖို့ပဲရှိပါတယ်”ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဆွေမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
“စာရင်းကောက်ထားတဲ့ လူတွေထဲမှာ တရားဝင် ဝင်လာတဲ့သူရှိမှာပေါ့။ Border Pass တို့ EP တို့နဲ့ ဝင်လာတဲ့ဟာရှိမယ်။ ဘာအထောက်အထားမှ မပြနိုင်တဲ့သူတွေလည်း ရှိမှာပေါ့။ တရားဝင်လမ်းကြောင်းက ဝင်လာတာမဟုတ်ဘဲနဲ့ ဝင်လာတဲ့သူလည်း ရှိမှာပေါ့။ တရားမဝင်ခိုးဝင်လာတဲ့ လူတွေနဲ့ ပတ်သက်လို့ကတော့ နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေအရ ပြစ်မှု ပြစ်ဒဏ်ခံပြီးမှပဲ ကျွန်တော်တို့က လွှဲပေးလို့ရမယ်”ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဆွေမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့က ပြောသည်။
တာချီလိတ်မြို့မှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ပြန်လည်ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသား (၁၀) ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့်အတွက် ထိုင်းနိုင်ငံတာဝန်ရှိသူများက ခိုးဝင်လာသူများအား ချိတ်ဆက် ရှာဖွေရန် ခက်ခဲသည့်အတွက် ၎င်းတို့နိုင်ငံသားများကို တရားဝင်လမ်းကြောင်းမှတစ်ဆင့် ပြန်လည်လွှဲပြောင်းပေးနိုင်ရန်  တာချီလိတ်ဘက်သို့ ညှိနှိုင်းလာခဲ့သဖြင့် နေရပ်ပြန်လိုသည့် အထောက်အထားရှိသူများ အပါအဝင် အထောက်မဲ့သည့် ထိုင်းနိုင်ငံသားများ၏ စာရင်းများ ကောက်ယူမှုများ ပြုလုပ်နေခြင်းဖြစ်သည်။
တာချီလိတ်မြို့အတွင်း ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားစာရင်းကို နှစ်နိုင်ငံ မြို့နယ်နယ်ခြားကော်မတီ(TBC) က ခရိုင်စီမံခန့်ခွဲမှုကော်မတီ၏ ညွှန်ကြားချက်ဖြင့် ကောက်ယူနေပြီး ဒီဇင်ဘာလ (၅)ရက်နေ့အထိ ထိုင်းနိုင်ငံသား (၃၀) ကျော်စာရင်းရရှိထားရာတွင် အများစုမှာ အထောက်အထားမဲ့ ဝင်ရောက်လာသူများဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့သို့ တရားဝင်ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများအနေဖြင့် ထိုင်းသံရုံးသို့ ဆက်သွယ်ပြီးပါက တာချီလိတ်-မယ်ဆိုင်လမ်းကြောင်းမှတစ်ဆင့် အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် ထိုင်းဘက်သို့ ပြန်လွှဲပေးနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~