တာချီလိတ်မြို့ အပိုင်း(ဈ)အနီး ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့ လုပ်ပိုင်ခွင့်ရရှိခဲ့သည့် မြေဧက ၂၀ တွင် မြေကွက်သစ်များ ဖေါ်ဆောင်ရန် နောက်ဆုံးအကြိမ် တွေ့ဆုံ

တာချီလိတ်မြို့ အပိုင်း(ဈ)အနီး ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့ လုပ်ပိုင်ခွင့်ရရှိခဲ့သည့် မြေဧက ၂၀ တွင် မြေကွက်သစ်များ ဖေါ်ဆောင်ရန် နောက်ဆုံးအကြိမ် တွေ့ဆုံ
ဒီဇင်ဘာ 15, 2019
By Tachileik News Agency
တာချီလိတ်မြို့ အပိုင်း(ဈ)အနီး  ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့ လုပ်ပိုင်ခွင့်ရရှိခဲ့သည့် မြေဧက ၂၀ တွင် မြေကွက်သစ်များ ဖေါ်ဆောင်ရန် နောက်ဆုံးအကြိမ် တွေ့ဆုံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း မြို့ကွက်သစ် အပိုင်း(ဈ)အနီးတွင် လွန်ခဲ့သည့်ဆယ်နှစ်ကျော်က ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့ အမည်ဖြင့် လုပ်ပိုင်ခွင့်ရရှိထားသည့် မြေဧက (၂၀)တွင် မြေကွက် ဝယ်ထားသူများထံ မြေကွက်လက်ဝယ်အပ်နှံနိုင်ရေး ဆောင်ရွက်တော့မည်ဟု သိရသည်။

အဆိုပါမြေတွင် မြေကွက်ရိုက်ရောင်းချထားသူများအနေဖြင့် မြေကွက်ဝယ်ယူထားသူများထံ မြေကွက်အပ်နှံ နိုင်ရေး တွေ့ဆုံဖြေရှင်းရန် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဆန်ဆိုင်း (ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ (၃)ကြိမ် ခေါ်ယူခဲ့သော်လည်း မြေကွက်ရောင်းချသူများအနက် ဦးစိန်မောင်ဘက်မှ တာဝန်ရှိသူမှလွှဲ၍ အခြားရောင်းချထားသူများဘက်မှ တက်ရောက်ခြင်း မရှိခဲ့ကြောင်း သိရသည်။

"ဦးစိန်မောင်ရဲ့ သားဖြစ်တဲ့ အတွက်ကြောင့် ဦးစိန်မောင်ရဲ့ General Power ကိုင်ပြီးတော့ တတ်နိုင်တဲ့ဘက်ကနေ ကူညီဖို့ဆိုပြီးတော့ ရောက်ရှိနေတာဖြစ်ပါတယ်။ မြေဝယ်ထားပြီးတော့မှ မြေလက်ဝယ်မရရှိတာရယ်၊ မြေပိုင်ဆိုင်တဲ့ စာရွက်စာတမ်းမရရှိသေးတဲ့အတွက် တတ်နိုင်တဲ့ဘက်ကနေ ဆောင်ရွက်ပေးမှာမို့လို့ မြေပြင်မှာရှုပ်နေရင် သက်ဆိုင်ရာဌာနအကြီးအကဲတွေ၊ ကူညီပေးမယ့်သူတွေ၊ လုပ်ငန်းဆောင်ရွက်ပေးမယ့်သူတွေ မဆောင်ရွက်ပေးဘဲနဲ့ လျစ်လျူရှုလိုက်လို့ရှိရင် ဒီကိစ္စတွေထပ်ပြီးတော့ ကြန့်ကြာသွားမှာစိုးတဲ့အတွက် ဝယ်ထားတဲ့သူအားလုံးကို မေတ္တာရပ်ခံပါတယ်။ ကိုယ်စိုက်ထားတဲ့ ခြံစည်းရိုးတိုင်များကို ကိုယ့်ဘာသာပြန်ပြီးနှုတ်ထားပြီးတော့မှ ကိုယ့်မြေအသိအမှတ်ပြုပြီဆိုတော့မှ ပြန်စိုက်ပါ"ဟု ဦးစိန်မောင်ဘက်မှ လာရောက်ဖြေရှင်းပေးသူ ဦးဝင်းကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။       

 

(ဈ)မြေကွက်သစ်စီမံကိန်းအနီးရှိ အဆိုပါ မြေဧက (၂၀)တွင် ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့အနေဖြင့် မြေကွက်ဖေါ်ဆောင်ရောင်းချခွင့် ရထားခြင်းဖြစ်သော်လည်း အမည်အမျိုးမျိုးဖြင့် မြေကွက်ရောင်းချထားခြင်းများရှိနေပြီး မြေကွက်ဝယ်ထားသူများထံ မြေကွက်အပ်နှံနိုင်ခြင်းမရှိသေးဘဲ ဖြစ်နေခြင်းဖြစ်သည်။

ဆန်ဆိုင်း(ခ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဒီဇင်ဘာလ (၆) ရက်နေ့က ပထမအကြိမ် တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ရာ၌ မြေကွက်ဝယ်ယူထားသူ (၃၉) ဦး၊ ဒီဇင်ဘာ (၁၀) ရက်နေ့က ဒုတိယအကြိမ် တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ရာ၌ မြေကွက်ဝယ်ယူထားသူ (၂၁) ဦး၊ ဒီဇင်ဘာ (၁၅) ရက်နေ့က တတိယအကြိမ် တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ရာ၌ မြေကွက်ဝယ်ယူထားသူ (၅၁) ဦးတက်ရောက်ခဲ့သော်လည်း မြေရှင်များဘက်မှ ဦးစိန်မောင်၏ သားဖြစ်သူ ဦးဝင်းကျော်သာ တက်ရောက်ခဲ့ပြီး ကန့်ကွက်ထားသည့် ဦးဇော်ဇော်ထွန်း၏ ခြံစောင့်ဆိုသူများကို (၃) ကြိမ်တိုင်တိုင် အကြောင်းကြားစာပေးပို့ခဲ့သော်လည်း လာရောက်ဖြေရှင်းမှု မရှိသဖြင့် ကန့်ကွက်လွှာ ပယ်ဖျက်လိုက်ကြောင်း သိရသည်။ 

"အကူအညီတောင်းလို့ရှိရင် ကူညီပေးရမှာက ကျွန်တော်တို့တာဝန်ပါ။ အားငယ်စရာမရှိပါဘူး။ ရပ်ကွက်လယ်စီရှိတယ်။ မြို့နယ်လယ်စီရှိတယ်။ ခရိုင်မြေစီရှိတယ်။ အစတုန်းကမရှုပ်ဘူး။ အခုမှရှုပ်တာ။ ကျွန်တော်တို့ထုတ်ထားတဲ့စာတွေကို မကျေနပ်လို့ အပြင်းအထန်ကန့်ကွက်တယ်ဆိုပြီး စာတင်ထားလို့ ကျွန်တော်တို့ခေါ်တယ်။ အခုက သူတို့ကစာတင်လို့ ကျွန်တော်တို့က သူတို့ကိုခေါ်တာ။ ဦးဇော်ဇော်ထွန်းခေါ်တယ်။ ဒေါ်မီဂေးခေါ်တယ်။ ဦးစိုင်းထွန်းထွန်းခေါ်တယ်။ ဦးဉာဏ်ဝင်းထွန်းလည်း ခေါ်တယ်"ဟု ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျောက်က ပြောသည်။     

အပိုင်း(ဈ)အနီးရှိ ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းတို့ လုပ်ပိုင်ခွင့်ရရှိထားသည့် မြေဧက (၂၀) ပေါ်တွင် ဦးဇော်ဇော်ထွန်း၏ Special Power ဖြင့် မြေကွက်ရောင်းချထားသူ (၅၅) ဦး၊ ဦးစိန်မောင်နှင့် ဦးဇော်ဇော်ထွန်းနာမည်ဖြင့် မြေကွက်ရောင်းချထားသူ (၄) ဦး၊ အဆိုပါမြေပေါ်တွင် (လန-၃၉) မရရှိချိန်က ဦးဇော်ဇော်ထွန်းနာမည်ဖြင့် မြေကွက်ရောင်းချထားသူ (၂၄) ဦး၊ (ဈ) မြေကွက်အဖြစ်အမည်တပ်ကာ မြေကွက်ရောင်းချထားသူ (၁၁) ဦး၊ ဒေါ်မီဂေးမှ ဆန်ဆိုင်းတိုးချဲ့မြေအဖြစ် အမည်တပ်ကာ မြေကွက်ရောင်းချထားသူ (၁၂) ဦး၊ ဦးဟိုက်စံအမည်ဖြင့် (လန-၃၉) မရရှိချိန်က မြေကွက်ရောင်းချထားသူ (၈) ဦး၊ ခြံစောင့်ဆိုသူများက မြေကွက်ရောင်းချထားသူ (၂) ဦး၊ စုစုပေါင်း မြေကွက်ဝယ်ယူထားသူ (၁၁၆) ဦးရှိနေကြောင်း သိရသည်။

လက်ရှိ စာရင်းလာပေးသူများတွင် အချို့မြေကွက်ဝယ်ယူထားသူများမှာ အကွက်အမှတ်များထပ်နေပြီး အကြိမ်ကြိမ်ပြန်လည် ရောင်းချထားသည်များကိုလည်းတွေ့ရကာ မြေပြင်အနေအထားကို ဌာနဆိုင်ရာများနှင့် ကွင်းဆင်းစစ်ဆေးပြီး မြေကွက်များလက်ရောက်အပ်နှံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

Tachileik News Agency
သတင်း/ဓါတ်ပုံ - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~