ကယားပြည်နယ် လွိုင်ကော်ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် Covid-19 အတည်ပြုလူနာ (၁) ဦးသေဆုံး

ကယားပြည်နယ် လွိုင်ကော်ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် Covid-19 အတည်ပြုလူနာ (၁) ဦးသေဆုံး
ဒီဇင်ဘာ 19, 2020
By Tachileik News Agency
ကယားပြည်နယ် လွိုင်ကော်ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် Covid-19 အတည်ပြုလူနာ (၁) ဦးသေဆုံး
ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေသော အသက် (၇၃) နှစ်အရွယ် Covid-19 အတည်ပြုလူနာ အမျိုးသား (၁) ဦး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးသွားသဖြင့် ကယားပြည်နယ်၌ ပထမဆုံး အတည်ပြုလူနာ သေဆုံးမှု ဖြစ်သည်။
အဆိုပါ အတည်ပြုလူနာ အမျိုးသားမှာ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ပိုးစစ်ဆေးတွေ့ရှိ၍ လွိုင်ကော်ဆေးရုံကြီးရှိ သီးခြားကုသဆောင်တွင် ကုသမှုခံယူနေသူဖြစ်ပြီး ကျောက်ကပ်ရောဂါ အခံရှိသူဖြစ်ကြောင်း သိရသည်။
" ရန်ကုန်ကနေပြန်လာပြီးတော့ quarantine စင်တာကနေ မိသားစုလိုက်  ပေါ့စတစ်တွေ့ပြီးတော့ စောင့်ရှောက်ထားရတဲ့ လူနာပါ။ သူက အခြေခံ ကျောက်ကပ်မကောင်းတဲ့ ရောဂါရှိပါတယ်။ ကျောက်ကပ်ရဲ့သွေးခြေတွေ ဆေးကုသနေရင်းနဲ့ တစ်ရက်တစ်ရက်နဲ့ ကျောက်ကပ်ဆေးရတဲ့အဆင့်ထိ လက်ခံနိုင်တဲ့အခြေအနေ မရောက်သွားဘူး။ ကျောက်ကပ်မကောင်းလို့ သေဆုံးသွားတာပါ။ စနစ်တကျ ကုသပေးနေတာပါ။ ကုသရင်းနဲ့ ဆုံးသွားတာပေါ့လေ"ဟု လွိုင်ကော်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်စန်းမြင့်က ပြောသည်။
အဆိုပါ အတည်ပြုလူနာမှာ ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက် (၁) နာရီ (၄၅) မိနစ်တွင်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ Covid-19 အတည်ပြုလူနာထဲတွင် သေဆုံးသူလူနာ၏ဇနီး အတည်ပြုလူနာမှာလည်း အဆုတ်မကောင်းသည့်ရောဂါ ရှိနေခြင်းကြောင့် အထူးကုသဆောင်တွင် စောင့်ကြပ်ကုသမှုပေးနေရပြီး ၎င်းတို့မှာ ဆေးကုသမှုစတင်ခံယူစဉ်ကတည်းက  အောက်စီဂျင်ပေးနေရသည့် လူနာများလည်း ဖြစ်ကြောင်းသိရသည်။  
"သူ့အမျိုးသမီး (၇၂)နှစ်ကလည်း အဆုတ်နှစ်ခုစလုံး မကောင်းတဲ့လက္ခဏာရှိတယ်။ အောက်စီဂျင်လည်း တောက်လျှောက်ပေးထားရတယ်။ သူ့အမျိုးသားရော၊ သူရောက အောက်စီဂျင်အမြဲပေးထားရတဲ့လူနာတွေပါ။ ဒါပေမဲ့ အခုတစ်လောမှာတော့ အမျိုးသမီးက တိုးတက်ကောင်းမွန်လာတယ်လို့ ကုသပေးနေတဲ့ သမားတော်ကြီးက ပြောတယ်။ သူ့သမီးနဲ့ ကလေးလေးနဲ့က တစ်ခြားဆိုးရွားတဲ့ လက္ခဏာတွေမရှိပါဘူး။ သူတို့ကိုပါ အထူးဆောင်မှာ အတူတူ ထားထားတယ်။ သူ့အဖေနဲ့အမေကို စောင့်ရှောက်လို့ရအောင်ပေါ့။ Positive လူနာချင်းပဲဆိုတော့ ။ပြည်နယ်ရဲ့ ညွှန်းကြားချက်တွေနဲ့  အစ်မတို့ ကုသရေးကတော့ အကုန်လုံး စနစ်တကျကုသပေးနေပါတယ်။ "ဟု ဒေါက်တာခင်စန်းမြင့်က ပြောသည်။
သေဆုံးသူ အတည်ပြုလူနာမှာ ဒီဇင်ဘာလ (၆) ရက်နေ့တွင် မိသားစုလိုက် ရန်ကုန်မှပြန်လာ၍  လွိုင်ကော်ပညာရေးကောလိပ်တွင် အသွားလာကန့်သတ်ထားကာ အသက် (၇၂)နှစ်အရွယ် ဇနီး ၊ အသက် (၄၂) နှစ်အရွယ်သမီးနှင့် အသက် (၂) နှစ်ခွဲအရွယ်မြေး ကလေး (၁)ဦးတို့နှင့်အတူ Covid-19 အတည်ပြုလူနာများအဖြစ်  ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် လွိုင်ကော်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရခြင်း ဖြစ်သည်။
ယခုသေဆုံးသူ အသက် (၇၃)နှစ်အရွယ် အတည်ပြုလူနာမှာ  ကယားပြည်နယ်ရှိ Covid-19 လူနာထဲတွင် ပထမဆုံး သေဆုံးခဲ့ခြင်းဖြစ်ပြီး အဆုတ်ရောဂါရှိသည့် ၎င်း၏ ဇနီး အသက် (၇၂)နှစ်အရွယ် အတည်ပြုလူနာအမျိုးသမီးမှလွဲ၍ ကျန်လူနာများမှာ ရောဂါပြင်းထန်မှုများမရှိကြောင်းသိရသည်။ 
ကယားပြည်နယ်တွင် ဒီဇင်ဘာလ (၁၉) ရက်နေ့ထိ  Covid-19 အတည်ပြုလူပေါင်း (၆၉)ဦးရှိလာပြီဖြစ်ပြီး ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ရသူ (၂၈)ဦးနှင့် ဆေးကုသမှု ခံယူနေသူ ( ၄၀)ဦးရှိ၍ သေဆုံးသူ (၁)ဦးရှိပြီဖြစ်သည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
ဓါတ်ပုံ - ရွှေလွိုင်ကော် ပရဟိတအသင်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~