ဘောလခဲမြို့ရှိ စုပေါင်းဂိတ်တွင် ငါးမျှား၍ ပြန်လာသည့် ဆိုင်ကယ်အား အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်၍ တစ်ဦး သေဆုံး 

ဘောလခဲမြို့ရှိ စုပေါင်းဂိတ်တွင် ငါးမျှား၍ ပြန်လာသည့် ဆိုင်ကယ်အား အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်၍ တစ်ဦး သေဆုံး 
မေ 23, 2021 | ကယား

ကယားပြည်နယ်၊ ဘောလခဲမြို့ရှိ စုပေါင်းဂိတ်တွင် မေလ (၂၃)ရက်နေ့ နံနက်ပိုင်းက ငါးမျှားပြီး ပြန်လာသည့် ဆိုင်ကယ်တစ်စီးကို  အာဏာသိမ်းစစ်တပ်မှ အကြောင်းမဲ့ ပစ်ခတ်ခဲ့သောကြောင့် တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိထားကြောင်းသိရသည်။ 

ဂိတ်က တားတာ မရပ်ပေးလို့ဆိုပြီး အကြောင်းမဲ့ ပစ်လိုက်တာ တစ်ယောက်သေတယ်။ သေတဲ့ အလောင်းကို ပြန်ကောက်ခွင့် မပေးဘူး။ သုံးယောက် စီးလာတာ ။ ကျွန်တော်တို့ ဘောလခဲ မှာက ပုံမှန်ပဲလေ ငါးမျှားပြီး ပြန်လာနေကျ အဲ့တာကို တားတာ မရပ်ပေးလို့ ပစ်တာ နောက်ဆုံး တစ်ယောက်ပွဲချင်းပြီးပဲ ။ အလယ်တစ်ယောက် ခြေထောက်ထိတယ်

ဟု ဘောလခဲမြို့ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုသည်။

ဘောလခဲမြို့ ပွန်ချောင်းတွင် ငါးမျှားပြီး၍ ပြန်လာသော ဒေသခံ သုံးဦး၏ ဆိုင်ကယ်အား စုပေါင်းဂိတ်မှ သေနတ်များဖြင့်တားတာကြောင့် မရပ်ပေးဘဲ ဆက်လက်မောင်းနှင်နေသော ဒေသခံ (၃)ဦးအား အာဏာသိမ်းအဖွဲ့၏ အကြမ်းဖက်လက်နက်ကိုင်များမှ သေနတ်ဖြင့် လိုက်လံ ပစ်ခတ်သောကြောင့် (၁)သေဆုံးကာ တစ်ဦးခြေထောက်ဒဏ်ရာ ရရှိခဲ့ပြီး ၎င်းဒေသခံ (၃)ဦးမှာ ပွန်ချောင်းတစ်ဖက်ကမ်း မိုင်းထမ်းကျေးရွာဖက်မှ ငါးမျှားပြီး ပြန်လာကြသူများ ဖြစ်ကြောင်းသိရသည်။ 

သေဆုံးသွားသူ၏ အလောင်းအား ပြန်ကောက်ယူခွင့်မပြုဘဲ အာဏာသိမ်း အဖွဲ့မှ စစ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်းသိရ​ပြီး သေဆုံးသူမှာ ဘောလခဲမြို့ ရှမ်းစုစည်းရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။ 

ကယားပြည်နယ်၏ ခရိုင်ရုံးဆိုက်ရာ ဘောလခဲမြို့မှာ ဒေသခံမြို့နေလူဦးထက်  စစ်တပ်နှင့် အစိုးရဝန်ထမ်းအများစု နေထိုင်ပြီး  စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများလည်း ရံဖန်ရံခါမှသာ ပြုလုပ်တတ်သည့် မြို့ဖြစ်သည်။