ရှမ်း(ရှေ့)မှ နတလ ဝန်ထမ်းများ  Covid-19 ကာကွယ်ရေး  ဂျင်းပြုတ်ရည် သောက်ရန် ညွှန်ကြားထား

ရှမ်း(ရှေ့)မှ နတလ ဝန်ထမ်းများ  Covid-19 ကာကွယ်ရေး  ဂျင်းပြုတ်ရည် သောက်ရန် ညွှန်ကြားထား
ဇူလိုင် 16, 2021 | Covid-19| ရှမ်းရှေ့

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနလက်အောက်ရှိ ရှမ်းပြည်နယ်တွင်းမှ ဝန်ထမ်းများအားလုံး Covid-19 ကာကွယ်ရေးအတွက် ဂျင်းပြုတ်ရည် သောက်ကြရန်  ညွှန်ကြားထားကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း  တာချီလိတ်ခရိုင် နှင့် မိုင်းဆတ်ခရိုင်အတွင်း ဌာနဝန်ထမ်းများကို ဂျင်းပြုတ်ရည်တိုက်ကျွေးရန် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)က ဇူလိုင်လ(၁၅)ရက်နေ့က ညွှန်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

ဂျင်းပြုတ်ရည်သောက်ရန် ဇူလိုင်လ(၁၅)ရက်နေ့က ညွှန်ကြားစာ

Covid-19 ကို ကြိုတင်ကာကွယ်နိုင်ရေးအတွက်ဟုဆိုကာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနလက်အောက်ရှိ ဝန်ထမ်းများအားလုံး ဂျင်းပြုတ်ရည်သောက်ကြရန် ညွှန်ကြားထားပြီး ဂျင်းပြုတ်ရည်သောက်နေသည့် မှတ်တမ်းပုံများကိုပါ အထက်ဌာနသို့ ပြန်လည်တင်ပြရမည်ဟု ညွှန်ကြားထားကြောင်း သိရသည်။

စာကတော့  ဝင်လာတယ်ပြောတယ်။ ကျွန်တော်တို့ကို ဂျင်းပြုတ်ရည်သောက်ဖို့။ သောက်ဖို့ဆိုတာကလည်း ရုံးသူရုံးသားတွေ စုပြီး သောက်။ သောက်ချိန် မှတ်တမ်းယူရမှာ

ဟု ရှမ်း(ရှေ့)မှ ဝန်ထမ်းတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၁၆)ရက်နေ့တွင် ပြောသည်။

တကယ်တမ်းတွင်မှု ဂျင်းပြုတ်ရည်သောက်ခြင်းသည် Covid-19 ကာကွယ်ရန်အတွက် အထောက်အကူမပြုကြောင်း ကျန်းမာရေးက ၂၀၂၀ခုနှစ်ကတည်းက အသိပေးထားရှိသည်များလည်း ရှိသည်။