ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးပြို၍ နေအိမ်များအရေးပေါ် ရွှေ့ပြောင်းနေရ

ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးပြို၍ နေအိမ်များအရေးပေါ် ရွှေ့ပြောင်းနေရ
နိုဝင်ဘာ 15, 2020
By Tachileik News Agency
ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ကမ်းပါးပြို၍ နေအိမ်များအရေးပေါ် ရွှေ့ပြောင်းနေရ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင်ဖြူမြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ ကံလှအရှေ့ကျေးရွာတွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့ ညနေပိုင်းက ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုဖြစ်၍ နေအိမ်များ အရေးပေါ်ပြောင်းရွှေ့နေရကြောင်း သိရသည်။ 
“မနေ့က ညနေ (၃)နာရီလောက်ကတည်းက နီးစပ်ရာရွာတွေရဲ့အကူအညီနဲ့ အိမ် (၁၀) လုံးကိုဖျက်ပြီး အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပြီး ညပိုင်းမှာလည်း (၃) လုံးကို ဆက်လက်ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ (၃၆) လုံးလောက် ရွှေ့ပြောင်းပေးရမှာ ဖြစ်ပါတယ်။ အရင်နှစ်တွေတုန်းက ဒီလိုကမ်းပါးပြိုတဲ့ဖြစ်စဉ် ရှိခဲ့ပေမဲ့ ခုလောက်ဆိုးဆိုးရွားရွားမဖြစ်ဘူး။ အခုက တစ်ကြိမ် တစ်ကြိမ်ပြိုရင်ကို တစ်ဧကလောက်နိမ့်ဆင်း သွားတာ”ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးသိန်းထိုက်စံက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြစ်ကမ်းပါးပြိုကျ၍ နေအိမ်များရွှေ့ပြောင်းနေရမှုအခြေအနေကို နိုဝင်ဘာ(၁၅)ရက်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့သည့် အိမ်ထောင်စုတစ်စုစီအတွက် ရွှေ့ပြောင်းစရိတ် ကျပ် (၁)သိန်းစီကို အိမ်ထောင်စု(၃၆)စုအတွက် ထောက်ပံ့ပေးအပ်ခဲ့ပြီး နေအိမ်ပြောင်းရွှေ့နေရသူများအား အားပေးဆွေးနွေးကြသည်။
“လတ်တလော ကံလှအနောက်ရွာအနီးမှာ နေရာပြန်ချပေးထားပါတယ်။ မြစ်ကမ်းနီး နေအိမ်တွေကို ဖြိုဖျက်ပြီး ယာဉ်တွေနဲ့ သယ်ယူပေးတာ ပြန်လည်ဆောက်လုပ်နိုင်ဖို့တွေအတွက် ရွာခံလူတွေ၊ ဌာန ဆိုင်ရာတွေ၊ မြို့ပေါ်က လူမှုရေးအဖွဲ့အစည်းတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေ ကူညီပေးနေကြပါတယ်”ဟု နေအိမ်များရွှေ့ပြောင်းနိုင်ရေး ဦးစီးစီမံဆောင်ရွက်မှုပေးနေသည့် မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး က ပြောသည်။
မကွေးတိုင်းအတွင်း အိမ်ခြေ (၁၃၀) ကျော်ရှိသည့် ကံလှအရှေ့၊ အနောက်ကျေးရွာတွင် ကမ်းပါးပြိုကျမှု ဖြစ်ပွားနေခြင်းဖြစ်ပြီး လူနှင့် တိရိစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်းသိရသည်။
ကမ်းပါးပြို၍ရွှေ့ပြောင်းရသည့်နေအိမ် (၃၆ )လုံးအတွက် အောင်ပဒေသာကုမ္ပဏီက အိမ်ထောင် စုတစ်စုလျှင် ကျပ် (၃)သောင်းနှုန်းဖြင့် ထောက်ပံ့ပေးထားကြောင်း သိရသည်။
Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-Sayar Htet /Kyaw San Han

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~