ဧရာဝတီမြစ်ကြောင်းတွင် ရေယာဉ်များ ဘေးအန္တရာယ်ကင်းရေး ရေလမ်းကြောင်းပြ အမှတ်အသားများ စိုက်ထူ

ဧရာဝတီမြစ်ကြောင်းတွင် ရေယာဉ်များ ဘေးအန္တရာယ်ကင်းရေး ရေလမ်းကြောင်းပြ အမှတ်အသားများ စိုက်ထူ
ဇန်နဝါရီ 16, 2020
By Tachileik News Agency

ဧရာဝတီမြစ်ကြောင်းတွင် ရေယာဉ်များ ဘေးအန္တရာယ်ကင်းရေး ရေလမ်းကြောင်းပြ အမှတ်အသားများ စိုက်ထူ

မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်း ရေနည်းချိန် (၄)လတာအတွင်း ရေယာဉ်များကို ရေစူးအနက် (၅)ပေ အထိသာ ဝန်တင်၍ ဖြတ်သန်းခွင့်ပြုထားပြီး ရေလမ်းကြောင်းပြ အမှတ်အသားများ ပုံမှန်ကာလထက် ထပ်တိုး စိုက်ထူပေးနေကြောင်း သိရသည်။

“ရေယာဉ်တွေ သွားလာမှု အန္တရာယ်ကင်းအောင် ရေလမ်းကြောင်းတွေရှာဖွေပြီး ရေလမ်းညွှန် အမှတ်အသားတွေ ပြသဖို့ လုပ်ဆောင်ရပါတယ်။ အန္တရာယ်ရှိကြောင်း ပြသတဲ့အမှတ်အသားတွေ၊ ရေယာဉ်တွေ ခုတ်မောင်းသွားရမယ့် ရေလမ်းကြောင်းပြသတဲ့ အမှတ်အသားတွေ၊ ဥပမာပြောရရင် ဘော့ဖြူအမှတ်အသားကိုမြင်တာနဲ့ ရေယာဉ်တွေဟာ အစုန်ရော အဆန်ရော ဘော့ဖြူကို လက်ယာထားပြီး သွားရမယ်။ ဂိုလာနီ အမှတ်အသားပြထားရင် ကမ်းရဲ့အနီးမှာ ကျောက်ဆောင်တို့ သဘောၤ၊ ဒါမှမဟုတ် သစ်ပင်အမြုပ်တွေ ရှိနေတယ်။ အန္တရာယ်ရှိကြောင်း အမှတ်အသားပေါ့။ ဒီလိုမျိုးတွေပြတာပါ” 

ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရေလမ်းညွှန်ဌာနစု လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဧရာဝတီမြစ်အတွင်း ရေနည်းချိန်ဖြစ်သည့် နိုဝင်ဘာလ (၁၅) ရက်နေ့မှ မေလ (၁၅)ရက်နေ့အထိကာလတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီမြစ်ရေကြောင်း၌ ရေစူးအနက် (၅)ပေအထိသာ ဝန်တင်၍ ဖြတ် သန်းသွားလာနိုင်မည်ဖြစ်သည့်အပြင် မြစ်ကြောင်းအတွင်း ဘေးကင်းစေရန် ရေလမ်းကြောင်းရှာဖွေကာ အမှတ်အသား ပြသထားခြင်းများကို လုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းအတွင်း ဧရာဝတီမြစ်ကြောင်းတလျှောက်တွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့မှစ၍ ရေပေါ်ပြအမှတ်အသား (၁၈၀)ခုနှင့် ကမ်းပေါ်ပြအမှတ်အသား (၁၀၀)ခုကို လိုက်လံစိုက်ထူပေးနေပြီး ဖေဖော်ဝါရီလ တွင် ရေပေါ်ပြအမှတ်အသား(၁၈၀)ခုနှင့် ကမ်းပေါ်ပြအမှတ်အသား(၁၁၀)ခု စိုက်ထူမည်ဟု သိရသည်။

မြစ်ကြောင်းတွင် ပုံမှန်မြစ်ရေရှိချိန်များ၌ ရေပေါ်ပြအမှတ်အသား(၁၀၀)နှင့် ကမ်းပေါ်ပြအမှတ်အသား (၈၀)ခန့် စိုက်ထူပေးပြီး ဇူလိုင်လမှ စက်တင်ဘာလထိ ရေများချိန်တွင် ရေလမ်းကြောင်းပြအမှတ်အသား စိုက်ထူခြင်းကို ရပ်နားထားလေ့ရှိသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~