ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ကျေးရွာ မဲရုံအမှတ် (၃) အတွင်း တံဆိပ်တုံးအတု ယူဆောင်လာသူကို ဖမ်းမိထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ကျေးရွာ မဲရုံအမှတ် (၃) အတွင်း တံဆိပ်တုံးအတု ယူဆောင်လာသူကို ဖမ်းမိထား
နိုဝင်ဘာ 8, 2020
By Tachileik News Agency


ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ကျေးရွာ မဲရုံအမှတ် (၃) အတွင်း တံဆိပ်တုံးအတု ယူဆောင်လာသူကို ဖမ်းမိထား
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဟောင်ကြန့်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၏ မဲရုံအမှတ် (၃)တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့ ဆန္ဒမဲပေးသည့်နေ့၌  UEC စာလုံးမပါသည့် တံဆိပ်တုံးအတုတစ်ခုနှင့်အတူတွေ့ရသည့် အမျိုးသားတစ်ဦးအား ထိန်းသိမ်းစစ်ဆေးနေကြောင်း သိရသည်။
"ဟုတ်ပါတယ်။ အခုဒီကိစ္စက ဖြေရှင်းနေတယ်။ အသေးစိတ်ကတော့ ကျွန်တော်တို့ မရသေးဘူး"ဟု တာချီလိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးဆိုင်းကျောက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဟောင်ကြန့်ကျေးရွာရှိ အလယ်တန်းကျောင်း၌ ဖွင့်ထားသည့် မဲရုံအမှတ် (၃)၌ ဆန္ဒမဲလာပေးသည့် အမျိုးသားတစ်ဦးထံမှ တံဆိပ်တုံးအတုကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
"သူက လွှတ်တော်တစ်ရပ်မှာ မဲပေးပြီးတဲ့အခါမှာ နောက်လွှတ်တော်တစ်ရပ်မှာ မဲပေးဖို့ ဆန္ဒမဲလက်မှတ်ထုတ်တော့ လက်မှတ်ထိုးတော့ တံဆိပ်တုံးလေး ဘေးချလိုက်တာကို မဲရုံတာဝန်ရှိသူက တွေ့လိုက်တာ။ ယူစစ်ကြည့်လိုက်တော့ UEC တံဆိပ်မပါတဲ့ တံဆိပ်တုံးဖြစ်နေတာကို သိရတဲ့အတွက် မဲရုံမှူးကို အသိပေးတယ်။ ကျွန်တော်တို့ ကော်မရှင်အဖွဲ့ခွဲကို သတင်းပို့တယ်။ နောက်ရဲတပ်ဖွဲ့ကို သတင်းပို့ပြီး အဲဒီလူကို ထိန်းသိမ်းထားတယ်။ အဲဒီလူကိုရော တံဆိပ်တုံးအတုရော မှတ်ပုံတင်ရော သိမ်းပြီး ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ ပြီးရင်တော့ မဲရုံကိစ္စတွေပြီးသွားရင် မဲရုံမှူးက တရားလိုလုပ်ပြီး အမှုဖွင့်အရေးယူသွားဖို့ ဆက်လက်ဆောင်ရွက်သွားမှာပါ။ "ဟု ရွေးကောက်ပွဲကော်မရှင်အဖွဲ့တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပေးထားသည့် မဲဆန္ဒပြုသည့် တံဆိပ်တုံးအား တံဆိပ်တုံးအတုဖြင့် လဲလှယ်သည့်ဖြစ်စဉ်များကို ကြိုတင်မဲပေးသည့်ကာလကတည်းက တွေ့ရှိနေရသဖြင့် မဲရုံအတွင်း ဆန္ဒပြုခန်းများ၌ UEC က ထုတ်ပေးထားသည့် ဆန္ဒပြုတံဆိပ်တုံးများကို ကြိုးဖြင့်တွဲချည်ထားရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားခြင်းဖြစ်သည်။
မဲဆန္ဒရှင်လက်မှတ်တွင် ဆန္ဒပြုသည့်တံဆိပ်တုံးထုရာ၌ မဲလက်မှတ်များ မသမာသည့်နည်းဖြင့်  လဲလှယ်နိုင်ခြင်းမရှိစေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပေးထားသည့် UEC စာသားနှင့် အမှန်ခြစ်ပါသည့် တံဆိပ်တုံးထု၍ ဆန္ဒပြုရခြင်းဖြစ်ပြီး တံဆိပ်တုံးတွင် UEC စာသား မပါ ပါက ပယ်မဲဖြစ်မည်ဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~