တာချီလိတ်နှင့်ကျိုင်းတုံမြို့တို့တွင် မတရားဖမ်းဆီး ထိန်းသိမ်းခံရသူများအတွက် အခမဲ့ ရှေ့နေလိုက်ပေးရန် တာချီလိတ်၌ ရှေ့နေအဖွဲ့ ဖွဲ့စည်းထား 

တာချီလိတ်နှင့်ကျိုင်းတုံမြို့တို့တွင် မတရားဖမ်းဆီး ထိန်းသိမ်းခံရသူများအတွက် အခမဲ့ ရှေ့နေလိုက်ပေးရန် တာချီလိတ်၌ ရှေ့နေအဖွဲ့ ဖွဲ့စည်းထား 
ဖေဖော်ဝါရီ 24, 2021 | နိုင်ငံရေး| ရှမ်းရှေ့

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းထားသည့်  ကာလအတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့တို့တွင် မတရား ဖမ်းဆီးထိန်းသိမ်းခံရသူများအား အခမဲ့ရှေ့နေလိုက်ပေးရန် ရှေ့နေအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

အခု တာချီလိတ်က (၉) ဦးကို ဒုမြို့နယ်ထွေအုပ် ဦးမောင်မောင်စိုးက တရားလိုလုပ်ပြီး ပုဒ်မ ၂၅ နဲ့ဆွဲထားတယ်။ အဲဒီ မတရား ဖမ်းဆီးခံရတဲ့သူတွေအတွက် အခမဲ့ရှေ့နေလိုက်ပေးဖို့ ကျွန်တော်တို့ ရှေ့နေအဖွဲ့ ဖွဲ့ထားပါတယ်။  တာချီလိတ်အတွက် ဖွဲ့တယ်ဆိုပေမဲ့ ကျိုင်းတုံကလည်း လိုအပ်တယ်ဆိုရင် ချိတ်ဆက် ကူညီပေးပါ့မယ်

ဟု မတရားဖမ်းဆီးခံထားရသူများအား အခမဲ့ရှေ့နေလိုက်ပေးသည့် အဖွဲ့က ပြောသည်။



စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာသိမ်းလိုက်ပြီးနောက် အစိုးရအဖွဲ့၊ NLD ပါတီမှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် NLD ပါတီ တာဝန်ရှိသူများကို ဖမ်းဆီးခြင်းအပြင် အရပ်သားပြည်သူများကို ဖမ်းဆီးမှုများ လုပ်ဆောင်နေရာ တာချီလိတ်မြို့မှ ဖမ်းဆီးခံထားရသည့်  အရေအတွက်မှာ  တာချီလိတ်ခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ဥက္ကဌ နှင့် အတွင်းရေးမှူး (၄)ဦး အပါအဝင် ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့အထိ စုစုပေါင်း (၁၅)ဦးအထက် ရှိနေကြောင်း သိရသည်။

ယင်းကဲ့သို့ မတရားဖမ်းဆီးခံရသူများကို ကျိုင်းတုံထောင်သို့ ချက်ချင်းပို့သည်ဟုသာ သတင်းကြားရပြီး မိသားစုနှင့်တွေ့ခွင့်လည်း မရကြကြောင်း သိရသည်။

တကယ်တမ်း၌ တာချီလိတ်မြို့ နှင့် ကျိုင်းတုံမြို့တို့တွင် စစ်တပ်က မတရားဖမ်းဆီးသည့် အရေအတွက်ကို အတိအကျ မသိရှိရ၍ ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များအနေဖြင့် မြန်မာဖုန်း -  09-257239947  နှင့် ထိုင်းဖုန်း 0614260315 သို့ ဆက်သွယ်၍  အကြောင်းကြားကာ အကူအညီတောင်းခံနိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

Ko Zaung is the editor-in-chief of Tachileik News Agency.