တာချီလိတ်မြို့တွင် အာဏာသိမ်းအဖွဲ့၏ ပြည်နယ်ဝန်ကြီးချုပ်ပြန်သွားပြီးနောက် ညပိုင်းတွင် လောင်းကစားရုံးများကို ဝင်စစ်

တာချီလိတ်မြို့တွင် အာဏာသိမ်းအဖွဲ့၏ ပြည်နယ်ဝန်ကြီးချုပ်ပြန်သွားပြီးနောက် ညပိုင်းတွင် လောင်းကစားရုံးများကို ဝင်စစ်
အောက်တိုဘာ 16, 2021 | ရှမ်းရှေ့

အာဏာသိမ်းစစ်ကောင်စီ၏ ရှမ်းပြည်နယ်ဝန်ကြီးချုပ် တာချီလိတ်ကနေ ပြန်သွားသည့် အောက်တိုဘာလ(၁၅)ရက်နေ့ ညပိုင်းတွင်  တာချီလိတ်မြို့ရှိ လောင်းကစားဝိုင်းများအား ရဲက လိုက်စစ်သည်ဟု သိရသည်။ 

ညက ဟိုတယ်တာချီလိတ်အတွင်းဘက်ရော လာဂါဘက်ရော စစ်တယ်။ လူကုန်တား ဗိုလ်လုံတစ်ယောက်တာဝန်ခံပြီး ဖွင့်ထားတဲ့ လောင်းကစားတွေနဲ့ ရောင်နီဦးက  လောင်းကစားတွေကိုတော့ ဝင်စစ် မစစ်တော့မသိဘူး တခြားတွေမှာတော့ တော်တော်များများ ဝင်စစ်တယ်။   ဖမ်းတာတော့ မဖမ်းဘူး၊ အချို့ကိုတော့ ပိတ်ခိုင်းတယ်

ဟု Tachileik News Agency ၏ သတင်းရင်းမြစ် တစ်ဦးက အောက်တိုဘာလ(၁၆)ရက်နေ့တွင် ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက ခန့်ထားသည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ တာချီလိတ်မြို့တွင် အောက်တိုဘာလ(၁၄)ရက်နေ့ညက ညအိပ်စဉ် Club နှင့် KTV မျာ၊ လောင်းကစားရုံးများ ဖွင့်လှစ်ခွင့်ပေးထားသော်လည်း အောက်တိုဘာလ(၁၅)ရက်နေ့ ညပိုင်းတွင် လောင်းကစားရုံများကို လိုက်စစ်သည့်အတွက် နားမလည်နိုင်ဖြစ်ရသည်ဟု အချို့က ဆိုသည်။

ဟိုးအရင်တွေတုန်းကတော့ လူကြီးခရီးစဉ်ရှိရင် လောင်းကစားရုံတွေကို ဘယ်နှစ်ရက် ပိတ်ပေးပါဆိုပြီး အသိပေးတာရှိတယ်။ ခုက ပြန်သွားမှ ပိတ်ခိုင်းတာက တမျိုးပဲ။ ဘယ်လိုလဲတော့မသိဘူး

ဟု အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် လောင်းကစားလုပ်ငန်းများကို စစ်တပ် နှင့် ရဲတို့၏ ခွင့်ပြုချက် ရရှိမှသာ ဖွင့်လှစ်နိုင်ခြင်း ဖြစ်ပြီး လစဉ် သတ်မှတ်ကြေးများကို အဖွဲ့အစည်းများအလိုက် အဆမတန် ပေးထားရသည်ဟု သိရသည်။

#TachileikNewsAgency