တာချီလိတ်တွင် ကြိုတင်ဆန္ဒမဲပေးမှုအတွင်း အငြင်းပွားမှုကြောင့် ပယ်မဲသတ်မှတ်ခံလိုက်ရသည့် ဆန်ဆိုင်း(က)ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့သည်ဟုဆို

တာချီလိတ်တွင် ကြိုတင်ဆန္ဒမဲပေးမှုအတွင်း အငြင်းပွားမှုကြောင့် ပယ်မဲသတ်မှတ်ခံလိုက်ရသည့် ဆန်ဆိုင်း(က)ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့သည်ဟုဆို
နိုဝင်ဘာ 3, 2020
By Tachileik News Agency
တာချီလိတ်တွင် ကြိုတင်ဆန္ဒမဲပေးမှုအတွင်း အငြင်းပွားမှုကြောင့် ပယ်မဲသတ်မှတ်ခံလိုက်ရသည့် ဆန်ဆိုင်း(က)ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့သည်ဟုဆို
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက် အုပ်ချုပ်ရေးမှူးအနေဖြင့် ကိုယ်စားမဲထည့်ပေးခြင်း မဟုတ်ဘဲ ရွေးကောက်ပွဲဥပဒေက ခွင့်ပြုထားသည့်အတိုင်း မသန်စွမ်းနှင့် အသက် (၆၀)အထက် အဖွားနှင့်မိဘနှစ်ပါးကိုကူညီပေးခြင်းသာဖြစ်သော်လည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်များ မနှောင့်နှေးစေလို၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်က ပယ်မဲအဖြစ် ဆုံးဖြတ်ခြင်းကို လက်ခံခြင်းဖြစ်သည်ဟု ဆိုသည်။
ဆန်ဆိုင်း(က)ရပ်ကွက် ကော်မရှင်ရုံးတွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးက အသက် (၇၆)နှစ်အရွယ် အဖွား၊ အသက် (၆၀)ကျော်အရွယ်များဖြစ်သည့် ဖခင်နှင့်မိခင်တို့  ကြိုတင်မဲလာထည့်သည်ကို ကူညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
"မဲထည့်တဲ့ အချိန်မှာ ကျွန်တော့် အဖွားရော၊ အဖေရော၊ အမေရော မဲရုံကိုလာပါတယ်။ ကျွန်တော် သူတို့ကို ကူညီထည့်ပေးတယ်။ ကျွန်တော့်မဲကို ကျွန်တော်ကိုယ်တိုင် ထည့်တယ်။ သူတို့တွေ မဲလက်မှတ်ထုတ်တာလည်း ကိုယ်တိုင်လက်မှတ်ထိုး ထုတ်ကြပါတယ်။ သူတို့ မဲလက်မှတ်စာအိတ် ကော်ပိတ်တာတောင် မဲရုံဝန်ထမ်းက ပိတ်ပေးတာပါ။ စာအိတ်ကို မဲပုံးထဲထည့်တာမှာ ထိုးထည့်ခက်လို့ ကူညီပေးတာပါ။ ဦးနှောက်သွေးကြောအဆီပိတ်နေပြီး လေဖြန်းနေတယ်။ မျက်စိလည်းကောင်းကောင်း မမြင်ဘူး။ ဆန္ဒမဲထည့်နေတဲ့ အချိန်မှာလည်း သူတို့ဘေးမှာရှိတယ်။"ဟု မိသားစုဝင်များကိုယ်စား ကြိုတင်မဲထည့်သည်ဟု စွပ်စွဲခံရသည့် ဆန်ဆိုင်း (က)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းရှဲန်တစ်က ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့၌ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ယင်းကဲ့သို့ ကူညီ မဲထည့်ပေးသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုပါမဲရုံတွင် မဲရုံစောင့်ကြည့်ရေးလုပ်နေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ မဲရုံစောင့်ကြည့်သူက ရပ်ကွက်အုပ်ချုပ်ရေးမှူးအနေဖြင့် ကိုယ်စားမဲထည့်သည်ဟု  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ တိုင်ကြားခဲ့သဖြင့် ယင်းနေ့ညမှာပင် မြို့နယ်ကော်မရှင်က နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းခဲ့ရာတွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးမိသားစုဝင်များ လာရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။
"ကျွန်တော့်အဖွားက အသက် (၇၆)ကျော်ပြီ။ ပြီးတော့ ကျွန်တော့အဖေက လေဖြန်းထားတယ်။ ပြီးတော့ ကျွန်တော့်အမေရယ် မဲလာထည့်ကြတာ။ ကျွန်တော်က သားသမီးဆိုတော့ မဲလာထည့်တဲ့အချိန် ကူညီဆောင်ရွက်ပေးလို့ရတယ်ဆိုပြီးတော့မှ ဥပဒေလည်း ရှိထားတယ်။ ကျွန်တော်ကလည်း ဝိုင်းကူညီပေးတာပဲရှိတယ်။ စာအိတ်တောင် ကျွန်တော်ကိုယ်တိုင် မပိတ်ဘူး။ တာဝန်ကျ ဆရာ၊ ဆရာမတို့ ပိတ်ပေးတာပဲရှိတယ်။ မဲထည့်တာမှာ ဆန္ဒပြုတဲ့လက်မှတ်တွေက ထူနေလို့လေ အပေါက်က ကျဉ်းတယ်။ အကုန်မဝင်ဘူးဆိုတော့ ကျွန်တော်က မဲပုံးထဲ ထိုးထည့်ပေးတာပဲရှိတယ်။ မဲလက်မှတ်လည်း ကျွန်တော့်အဖွားကိုယ်တိုင်ပဲ လက်မှတ်ထိုး ထုတ်တယ်။ ကျွန်တော်က ကိုယ့်အဖွား၊ ကိုယ့်အဖေ၊ ကိုယ့်အမေဆိုတော့ ကူညီခွင့်ရှိတာပေါ့နော်။ နောက် ထမင်းစားချိန်ထည့်တယ်ဆိုတာကလည်း ဆရာမတို့တွေက အလှည့်ကျ ထမင်းစားနေတယ်။ မစားသေးတဲ့သူတွေလည်းရှိတယ်။ ကျွန်တော်တို့က မဲထည့်တာကို လူရှင်းတဲ့အချိန် ထည့်တာက ကိုယ့်ရုံးကလူတွေက သူများလူရှုပ်နေတဲ့အချိန်မှာ လုမထည့်ချင်ဘူး မဟုတ်လား။ ကျွန်တော်တို့ ကော်မရှင်ရုံးက လူတွေက လူရှင်းတဲ့အချိန် ထည့်တာပေါ့။ ကျွန်တော်ထည့်တဲ့အချိန် ပြည်ခိုင်ဖြိုးပါတီက အမျိုးသမီးက လာမေးတယ်။ ကျွန်တော် နှစ်ခါ၊ သုံးခါရှိပြီ လာထည့်တာလို့ပြောတယ်။ ကျွန်တော်ရှင်းပြတယ်။ ကျွန်တော့်နာမည် ဦးစိုင်းရှဲန်တစ်ပဲ။ ကျွန်တော်ထည့်တာမဟုတ်ဘူး။ ဒါက ကျွန်တော့်အဖွား၊ အဖေရယ်၊ အမေရယ်ပါ ကျွန်တော် ဝိုင်းကူပေးတာရှိတယ်ဆိုပြီး ရှင်းပြပါတယ်။ အဲဒီနေ့ညက ဖြေရှင်းတော့လည်း ကျွန်တော့် အဖွား၊ အဖေ၊ အမေက အသက်ကြီးတယ်ဆိုတာ လူပါခေါ်ပြဆိုလို့ ခေါ်ပြတယ်။ သူတို့က မဲလက်မှတ် လက်မှတ်ထိုးထုတ်ထားကြတာမို့ သူတို့ လက်မှတ်ပြန်ထိုးပြတယ်။ လက်မှတ်ချင်းလည်း တူတယ်။ ဒါပေမဲ့ လူကြီးဆိုတာ နည်းနည်းကွဲလွဲတာလေးတော့ရှိတာပေါ့။ သူတို့က လက်မှတ်ထိုးတာကိုလည်း (၃)ခုလုံးမကြည့်ဘူး။ တစ်ခုပဲ ကြည့်တယ်။ "ဟု ဆန်ဆိုင်း (က)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းရှဲန်တစ်က မဲထည့်သည့်ဖြစ်စဉ်ကို ပြန်လည်ရှင်းပြသည်။
မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌဦးဆောင်သည့်အဖွဲ့က နိုဝင်ဘာလ (၁)ရက်နေ့ညမှာပင် တိုင်ကြားခံရသူဖြစ်သည့် ဆန်ဆိုင်း(က)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မိသားစု၊ တိုင်ကြားသူဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မဲရုံစောင့်ကြည့်သူအပါအဝင် တာဝန်ရှိသူများ၊ ဆန်ဆိုင်း(က)ရပ်ကွက်ကော်မရှင်ရုံးမှ မဲရုံမှူးနှင့် မဲရုံတာဝန်ရှိသူများကို ဆန်ဆိုင်း(က)ရပ်ကွက်ရုံး၌ ခေါ်ယူညှိနှိုင်း ဆုံးဖြတ်ပေးခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ စစ်ဆေးမှုအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးအနေဖြင့် ရွေးကောက်ပွဲဥပဒေနှင့်အညီ ကူညီမဲထည့်ပေးခြင်းဖြစ်ကြောင်း ပေါ်ပေါက်သော်လည်း တိုင်ကြားသူဘက်က အဆိုပါနေ့တွင်ထည့်ထားသည့် ကြိုတင်မဲ (၁၆၈)မဲလုံးကို ပယ်မဲအဖြစ် သတ်မှတ်ရန် တင်ပြထားမှုနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်ထားမှုကို အဆင့်ဆင့်တင်ပြဖြေရှင်းရပါက အစည်းအဝေးအဆင့်ဆင့်ဖြင့် အချိန်ကာလများစွာထပ်မံဆောင်ရွက်ရမည်ဖြစ်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ် နှောင့်နှေးမည်ဖြစ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးမိသားစု၏ (၄)မဲကိုသာ ပယ်မဲအဖြစ် သတ်မှတ်၍ ပြဿနာအားပြေလည်စေရန် နှစ်ဖက်ကို ညှိနှိုင်းဖြေရှင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
"သူတို့က ကျွန်တော်တို့ (၄)မဲကို ပယ်မဲအဖြစ် ပေးမယ်ပေါ့။ ကျွန်တော်တို့ (၄)မဲနဲ့ ကျန်တဲ့ (၁၆၈)မဲလုံး မပယ်စေချင်ဘူး။ ကိုယ့်အတွက်နဲ့လည်း အဲဒီလို မဖြစ်စေချင်ဘူးပေါ့။ ကျွန်တော်တို့ (၄)မဲပယ်လို့ သူတို့ ကျေနပ်မယ်ဆိုရင်လည်း ရတယ် ကျွန်တော် မကန့်ကွက်ပါဘူးလို့။ ကျွန်တော်တို့ (၄)မဲထဲနဲ့ သူများတွေ အများကြီး မနစ်နာစေချင်ဘူးလေ။"ဟု ဆန်ဆိုင်း (က)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းရှဲန်တစ်က ညှိနှိုင်းမှုအား လက်ခံရခြင်းနှင့်ပတ်သက်၍ ပြောသည်။
ရွေးကောက်ပွဲနည်း ဥပဒေ ၄၂ (က)အရ ဆန္ဒမဲပေးသူတစ်ဦးသည် ဆန္ဒမဲလက်မှတ်ရှိအမည်များကို မဖတ်တတ်လျှင် လည်းကောင်း၊ ညွှန်ကြားထားသည့်အတိုင်း ဆန္ဒမဲမပေးတတ်လျှင်လည်းကောင်း သက်ဆိုင်ရာ မဲဆန္ဒရှင်၏ အိမ်ထောင်စုစာရင်းတွင်ပါရှိသော ဖခင်၊မိခင်၊ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ညီအစ်ကိုမောင်နှမအရင်းတစ်ဦးဦးသည် ဆန္ဒမဲပေးသူက ညွှန်ကြားသည့်အတိုင်း သတ်မှတ်ထားသည့်နေရာတွင် ဆန္ဒမဲလက်မှတ်ပြုခန်း၌ လျှို့ဝှက်ဆန္ဒပြုရမည်။ ယင်းပုဂ္ဂိုလ်မရှိခဲ့လျှင် မဲရုံမှူးသည် ယင်းပုဂ္ဂိုလ်အား ကိုယ်စားဆောင်ရွက်ပေးရမည်။ 
ယင်းနောက် အဆိုပါ ဆန္ဒမဲလက်မှတ်ကို မဲပုံးအတွင်းခေါက်၍ ထည့်သွင်းရမည်ဟု ဖေါ်ပြထားသည်။
ယင်းနည်းဥပဒေ ၄၂(ခ)အရ မဲဆန္ဒရှင်က မသန်စွမ်းမဲဆန္ဒရှင်ဖြစ်နေလျှင် သက်ဆိုင်ရာ မဲဆန္ဒရှင်၏ အိမ်ထောင်စုစာရင်းတွင်ပါရှိသော ဖခင်၊မိခင်၊ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ညီအစ်ကိုမောင်နှမအရင်းတစ်ဦးဦး သို့မဟုတ် ယင်းကိုယ်တိုင်စိတ်ကြိုက်ရွေးချယ်သောသူတစ်ဦးဦး၏ အကူအညီဖြင့် ဆန္ဒမဲပေးခွင့်ပြုရမည်ဟု ဖေါ်ပြထားခြင်းဖြစ်သည်။
ယခုကန့်ကွက်မှုမှာ ၂၀၂၀ ရွေးကောက်ပွဲအတွင်း တာချီလိတ်မြို့နယ်၌ ဆန္ဒမဲနှင့်ပတ်သက်၍ ပထမဆုံးအကြိမ် ကန့်ကွက်မှုဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~