တာချီလိတ်မြို့တွင် ဆိုင်ကယ်စီးလာသည့်  အမျိုးသမီးတစ်ဦးကို ဓါးထောက်ပြီး ဆိုင်ကယ်လုယူသွား၊ လုယူသည့်အဖွဲ့တွင် အမျိုးသမီး တစ်ဦး ပါဝင်

တာချီလိတ်မြို့တွင် ဆိုင်ကယ်စီးလာသည့်  အမျိုးသမီးတစ်ဦးကို ဓါးထောက်ပြီး ဆိုင်ကယ်လုယူသွား၊ လုယူသည့်အဖွဲ့တွင် အမျိုးသမီး တစ်ဦး ပါဝင်

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တချီလိတ်မြို့၊ ရန်အောင်မြေ နှင့် ပါဆတ်ရပ်ကွက်ကြားရှိ ကွင်းပြင်တွင် အမျိုးသမီးတစ်ဦးကို ဓါးဖြင့်ထောက်ပြီး ဆိုင်ကယ်လုယူမှုဖြစ်ပွားရာ လုယူသည့် အဖွဲ့တွင် အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၁၀)ရက်နေ့ နေ့လည်(၁၂)နာရီကျော်အချိန်က ဖြစ်ပွားခြင်းဖြစ်ပြီး အမျိုးသမီးငယ်တစ်ဦးတည်း ဆိုင်ကယ်စီးလာစဉ် အမည်မသိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးပါသည့် အဖွဲ့က ဓါးဖြင့်ထောက်ကာ ဆိုင်ကယ်ကို လုယူသွားသည့်အပြင် ငွေသားအဖြစ် ထိုင်းဘတ်ငွေ (၁၀၀၀)ကိုပါ ယူဆောင်သွားကြောင်း သိရသည်။

လုယက်မှု ကျူးလွန်သည့် (၂)ဦးတွင် တစ်ဦးမှာ အမျိုးသမီးဖြစ်ပြီး ၎င်း၏ ပုံစံမှာ နဖူးပြောင်သည့် အနေအထားရှိကြောင်း သိရသည်။

လုယက်ခံရသည့် ဆိုင်ကယ်အမျိုးအစားမှာ ၂၀၂၃ခုနှစ်ထုတ် Wave i 125 အမျိုးအစား ဖြူနီအရောင်ဖြစ်ကြောင်း သိရသည်။

လုယက်မှုဖြစ်ပွားသည့် နေရာသည် ဟောင်လိတ်နယ်မြေရဲစခန်း၏ ပိုင်နက်ဖြစ်၍ ကာယကံရှင်များက ဟောင်လိတ်နယ်မြေရဲစခန်းသို့ သွားရောက် တိုင်ကြားထားကြောင်း အနီးဝန်းကျင်နေသူများထံက သိရသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဆိုင်ကယ် ခိုးမှု နှင့် ဆိုင်ကယ် လုယက်မှုများမှာ နေ့စဉ် နေ့ရော ညပါ ဖြစ်ပွားနေရာ Tachileik News Agency ထံသို့ သတင်းပေးပို့လာမှုများအရ ဇွန်လ(၉)ရက်နေ့၏ တစ်နေ့တည်းတွင် ရန်အောင်မြေရပ်ကွက်၊ ဝိန်းကျောက်ရပ်ကွက် နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်တို့တွင် စုစုပေါင်း ဆိုင်ကယ်(၃)စီး ခိုးခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးသူများနှင့် ဆိုင်ကယ် လုယက်သူများမှာ ဓါးရှည်၊ ဓါးတိုများ ဆောင်ထားလေ့ရှိပြီး ခိုးယူ လုယက်မှုများ ကျူးလွန်လာနေရာမှ မကြာသေးမီက သေနတ်ကိုင်ဆောင်လာသည်အထိ ဖြစ်ပေါ်လာနေရာ ၎င်းတို့ကို တာချီလိတ်တပ်နယ် နှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူနိုင်စွမ်းမရှိ၍ အတင့်ရဲနေကြခြင်း ဖြစ်သည်ဟု ဒေသခံများအကြား ဝေဖန်မှုများလည်း ထွက်ပေါ်နေလျက်ရှိသည်။