တာချီလိတ်မြို့တွင် စစ်ကောင်စီတပ် လက်အောက်ခံ BGF တပ်ဖွဲ့ဝင်တစ်ဦး မောင်းလာသည့် ကားနှင့် တိုက်မိရာမှ သေဆုံးသွားသည့် ဆိုင်ကယ်မောင်းသူကို ယာဉ်ထိန်းက အမှုဖွင့်

တာချီလိတ်မြို့တွင် စစ်ကောင်စီတပ် လက်အောက်ခံ BGF တပ်ဖွဲ့ဝင်တစ်ဦး မောင်းလာသည့် ကားနှင့် တိုက်မိရာမှ သေဆုံးသွားသည့် ဆိုင်ကယ်မောင်းသူကို ယာဉ်ထိန်းက အမှုဖွင့်

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်လုံးကျေးရွာအုပ်စုအတွင်း တာချီလိတ် - ကျိုင်းတုံသွားကားလမ်းမပေါ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ BGF တပ်ဖွဲ့ဝင်တစ်ဦး မောင်းလာသည့် ကားနှင့်တိုက်မိ၍ ဆိုင်ကယ်မောင်းလာသည့် အမျိုးသားတစ်ဦး သေဆုံးသွားသော်လည်း ဆိုင်ကယ်က လမ်းကြောင်းမှားပြီး ဝင်တိုက်၍ဟုဆိုကာ သေဆုံးသွားသည့် အရပ်သားကို ယာဉ်ထိန်းရဲတပ်ဖွဲ့က အမှုဖွင့်ထားသည်ဟု သိရသည်။

တာချီလိတ်မြို့၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဝမ်လုံးရွာလယ်ရှိ တာချီလိတ် - ကျိုင်းတုံ သွားကားလမ်းမပေါ်တွင် ၂၀၂၂ခုနှစ် မတ်လ(၄)ရက်နေ့ ည(၇)နာရီကျော်အချိန်က ယာဉ်တိုက်မှု ဖြစ်ပွားပြီး ဆိုင်ကယ်မောင်းလာသည့် အသက်(၃၀)အရွယ် စိုင်းဆိုင်စန်းဆိုသူမှာ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

မယ်ယန်းဘက်မှ နေအိမ်ဖြစ်သည့် ဝမ်လုံးကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာသည့် စိုင်းဆိုင်စန်း နှင့် တာချီလိတ်မြို့ထဲကနေ မယ်ယန်းဘက်သို့ ပြန်လာသည့် မိုင်းကိုးကျေးရွာအုပ်စုအတွင်း အမှတ်(၁၀၀၉)နယ်ခြားစောင့်တပ်ရင်း(BGF)မှ တပ်ကြပ်ကျော်ဝင်းနိုင် စီးလာသည့် ကားတို့သည် ဝမ်လုံးရွာလယ် ကားလမ်းပေါ်တွင် တိုက်မိရာမှ သေဆုံးမှုအထိ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှု ဖြစ်ပွားရာတွင် ဆိုင်ကယ်မောင်းလာသူ စိုင်းဆိုင်စန်းသည် ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ လမ်းတစ်ဖက်ယာဉ်ကြောကို ရောက်ရှိကာ မျက်နှာချင်းဆိုင် ကားကိုဝင်တိုက်ရာမှ ခြေထောက်ကျိုးသည့်အပြင် ဦးခေါင်းချိုင့်ဝင်သွားပြီး သတိလစ်သွားရာမှ သေဆုံးသွားခြင်းဖြစ်ပြီး တစ်ဖက်ယာဉ်ကို ဝင်တိုက်ပြီး မိမိကိုယ် ဒဏ်ရာများရရှိ သေဆုံးအောင် မောင်းနှင်၍ဟုဆိုကာ အမှုဖွင့်ထားလိုက်သည်ဟု သတင်းရင်းမြစ်များထဲက သိရသည်။