ဒေသန္တရအမိန့်ချိုးဖေါက်ပြီး 1G1-7Hotel တွင် KTV နှင့် မာဆတ်ဖွင့်လှစ်မှုအား သဘာဝဘေးဖြင့် အမှုဖွင့်

ဒေသန္တရအမိန့်ချိုးဖေါက်ပြီး 1G1-7Hotel တွင် KTV နှင့် မာဆတ်ဖွင့်လှစ်မှုအား သဘာဝဘေးဖြင့် အမှုဖွင့်
နိုဝင်ဘာ 29, 2020
By Tachileik News Agency
ဒေသန္တရအမိန့်ချိုးဖေါက်ပြီး 1G1-7Hotel တွင်  KTV နှင့် မာဆတ်ဖွင့်လှစ်မှုအား သဘာဝဘေးဖြင့် အမှုဖွင့်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 ကာလအတွင်း ပိတ်ထားရန်ညွှန်ကြားချက်ကို ဖေါက်ဖျက်၍ 1G1 7 ဟိုတယ်တွင် ဖွင့်လှစ်သည့် KTV နှင့် မာဆတ်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေဖြင့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၉) တွင် အမှုဖွင့်လိုက်ပြီဖြစ်သည်။
“ကျွန်တော်တို့ 1G1 7 ဟိုတယ်မှာ ဖွင့်ထားတဲ့ KTVကို သဘာဝဘေးနဲ့ ဒီနေ့ပဲ အမှုှုဖွင့်လိုက်ပါပြီ။ ဒါက COVID 19 ကာလအတွင်း ဒေသန္တရအမိန့်၊ ညွှန်ကြားချက်မလိုက်နာလို့ သဘာဝဘေးနဲ့ တတိယမြောက် အမှုဖွင့်ရတာပါ”ဟု တာချီလိတ်မြို့နယ် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
COVID 19 ရောဂါပိုး လူအစုလိုက်အပြုံလိုက် ကူးစက်နိုင်ချေရှိ၍ KTV၊ ဘား၊ ကလပ်များ ပိတ်ထားရန် ညွှန်ကြားချက်အား ဖေါက်ဖျက်ပြီး 1G1 7 ဟိုတယ်တွင် KTV နှင့် မာဆတ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ရာ အဆိုပါ KTV မှဝန်ထမ်းတစ်ဦး၌ COVID 19 ကူးစက်ခံထားရသည်ကို နိုဝင်ဘာလ (၂၅) ရက်နေ့က စတင်တွေ့ခဲ့ရပြီးနောက် အဆိုပါ ဟိုတယ်နှင့်ဆက်စပ်သည့် အတည်ပြုလူနာများ ထပ်တိုးတွေ့နေခြင်းဖြစ်သည်။
“1G1 ဟိုတယ် အထွေထွေမန်နေဂျာ ဦးကျော်ဆန်းက ဒေသန္တရထုတ်ပြန်ထားတဲ့အမိန့်တွေကို လိုက်နာခြင်းမရှိဘဲ KTV၊ မာဆတ်တွေ ခိုးဖွင့်တယ်။ အဲဒီမှာ နိုဝင်ဘာလ (၂၅) ရက်နေ့မှာ အဲဒီက ဝန်ထမ်းအမျိုးသမီးမှာ ကိုဗစ်ကူးနေတာကို တွေ့ရတယ်။ ဒါကြောင့် သူ့ကို သဘာဝဘေးအန္တရာယ်ဥပဒေနဲ့ အရေးယူမယ်”ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေးက ပြောသည်။
အဆိုပါဟိုတယ်ဝန်ထမ်း အမျိုးသမီးတွင် COVID 19 ကူးစက်ခံထားရကြောင်း နိုဝင်ဘာလ (၂၅)ရက်နေ့က စတင်တွေ့ရှိပြီးနောက် အဆိုပါဟိုတယ်နှင့်ဆက်စပ်ပြီး တာချီလိတ်တွင် အတည်ပြုလူနာ (၁၄)ဦး၊ ကျိုင်းတုံတွင် (၁)ဦးနှင့် ထိုင်းနိုင်ငံချင်းမိုင်တွင် (၁)ဦးတို့၌ COVID 19 ကူးစက်ခံထားရသည်ကို နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက်ပိုင်းအထိ စစ်ဆေးမှုများတွင် တွေ့ထားရခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင် COVID 19 ကာလအတွင်း ဒေသန္တရအမိန့်ကို ချိုးဖေါက်မှုဖြင့် ဧပြီလအတွင်းက Crush ဘားတစ်ခု၊ စက်တင်ဘာလအတွင်းက Happy Night KTV နှင့် Chill Cool Ice Bar တို့အား တာချီလိတ်မြို့နယ် Coronavirus Disease 2019 (COVID-19) ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~