ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်းအား စွပ်စွဲပြစ်တင်သည့်အဖွဲ့မှ နှုတ်ထွက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ကို လွှတ်တော်ဥက္ကဌက တရားစွဲမည်ဟု ပြောကြား

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်းအား စွပ်စွဲပြစ်တင်သည့်အဖွဲ့မှ နှုတ်ထွက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ကို လွှတ်တော်ဥက္ကဌက တရားစွဲမည်ဟု ပြောကြား
အောက်တိုဘာ 7, 2020
By Tachileik News Agency
ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်းအား စွပ်စွဲပြစ်တင်သည့်အဖွဲ့မှ နှုတ်ထွက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်ကို လွှတ်တော်ဥက္ကဌက တရားစွဲမည်ဟု ပြောကြား
ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်သည့်အဖွဲ့မှ ပြန်လည်နှုတ်ထွက်ခဲ့သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်အား ပြည်နယ်လွှတ်တော်ပုံရိပ်ကို ထိခိုက်စေမှုဖြင့် တရားစွဲဆိုမည်ဟု လွှတ်တော်ဥက္ကဌ ဦးလှထွေးက ဆိုသည်။
"ကျွန်တော်လည်း ကျွန်တော့်ကိုယ်စားလှယ်တစ်ယောက်ရဲ့ အရည်အချင်းကို (၄)နှစ်လုံးမှာ ကျွန်တော်က လေ့လာပြီးသား။ သူ့အရည်အချင်း အဲဒီလောက်မရှိဘူး။ တကယ် ဖိအားပေးလို့ရှိရင် သူရေးပေးတဲ့စာအရပဲ အဲဒီလိုပဲ ဖိအားပေးခြင်းဖြစ်လိမ့်မယ်။ ကျွန်တော်တို့ကတော့ ဖိအားမပေးဘူး။ ဦးသိန်းအောင် ဒီလိုလုပ်ပါလား တစ်ခွန်းမှ မပြောခဲ့ဘူး ကျွန်တော်တို့တွေ။ ဒါပွင့်ပွင့်လင်းလင်း သူနဲ့လည်း သုံးပွင့်ဆိုင်ရှင်းလို့ရတယ်။ ဦးသိန်းအောင် ဒါလက်မှတ်ထိုး တစ်ခါမှ ကျွန်တော်မပြောဘူး။ သူကကျတော့ ကျွန်တော့်ကိုသက်သက် ဖိအားပေးတယ်။ ကျွန်တော်တို့ ရွေးကောက်ပွဲ ကိုယ်စားလှယ်မပါတဲ့အတွက် လုပ်တယ်ဆိုတဲ့ဟာအနောက်က လက်ညိုကြီးတွေရှိတယ်။"ဟု ကယားပြည်နယ် လွှတ်တော်ဥက္ကဌ ဦးလှထွေးက ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၆)ရက်နေ့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ  ပြောကြားခြင်းဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်သည့်အဖွဲ့မှ နှုတ်ထွက်ခဲ့သည့် ဒီးမော့ဆိုမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်(ခ)စဲရယ်က ၎င်း၏ နှုတ်ထွက်စာတွင် ဖော်ပြခဲ့သည့် အကြောင်းအရာများမှာ ကယားပြည်နယ်လွှတ်တော်တစ်ခုလုံး၏ ပုံရိပ်ကိုထိခိုက်စေတာကြောင့် ပုဒ်မကြီးသုံးခုဖြင့် တရားစွဲဆိုရန်ပြင်ဆင်ထားပြီး လတ်တလောတွင် စွဲဆိုမည့် ပုဒ်မများကို ပြောဆိုလိုခြင်းမရှိသေးကြောင်း လွှတ်တော်ဥက္ကဌ ဦးလှထွေးကပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို ဖောက်ဖျက်သည်ဟု ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးအယ်ဖောင်းရှိုကို စွပ်စွဲပြစ်တင်မှုအား စက်တင်ဘာလ (၁) ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၈) ကြိမ်မြောက်အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ခဲ့ရာ စွပ်စွဲမှု အောင်မြင်ခဲ့သဖြင့် နိုင်ငံတော်သမ္မတက စက်တင်ဘာလ (၃) ရက်နေ့တွင် ဝန်ကြီးချုပ်တာဝန်မှ ရပ်စဲခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုအား စွပ်စွဲပြစ်တင်ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတွင် အောက်တိုဘာလ (၆) ရက်နေ့က e - court ဖြင့် ကြားနာမှုပြုလုပ်ခဲ့ရာတွင် စွပ်စွဲပြစ်တင်သူ (၅)ဦးအဖွဲ့မှ နှုတ်ထွက်သွားသည့် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်က ၎င်းအားဖိအားပေးခံရသောကြောင့် စွပ်စွဲပြစ်တင်ရာတွင်ပါဝင်ခဲ့ရခြင်းဖြစ်ကာ ပြည်နယ်လွှတ်တော်တာဝန် ရှိသူများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအပေါ် လုပ်ပိုင်ခွင့်အားအသုံးပြု၍ ဖိအားပေး လက်မှတ်ရေးထိုးခိုင်းခဲ့သည်ဆိုသည့်အချက်ပါဝင်သည့် ဦးသိန်းအောင် (ခ) စဲရယ်၏ နှုတ်ထွက်စာအား ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို၏ ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးမှ ထည့်သွင်း တင်ပြခဲ့သည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~