COVID 19 အတည်ပြုလူနာ စီးနင်းလာသည့် ရန်ကုန် - လွိုင်ကော်ခရီးသည်တင်ယာဉ်မှ တိုက်ရိုက်ထိတွေ့သူများအား လွိုင်ကော်မြို့တွင် Quarantine ထားရှိ

COVID 19 အတည်ပြုလူနာ စီးနင်းလာသည့် ရန်ကုန် - လွိုင်ကော်ခရီးသည်တင်ယာဉ်မှ တိုက်ရိုက်ထိတွေ့သူများအား လွိုင်ကော်မြို့တွင် Quarantine ထားရှိ
စက်တင်ဘာ 23, 2020
By Tachileik News Agency
COVID 19 အတည်ပြုလူနာ စီးနင်းလာသည့် ရန်ကုန် - လွိုင်ကော်ခရီးသည်တင်ယာဉ်မှ တိုက်ရိုက်ထိတွေ့သူများအား လွိုင်ကော်မြို့တွင် Quarantine ထားရှိ
ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ်တွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့က Covid-19 အတည်ပြုလူနာဖြစ်သွားသည့် အမျိုးသမီးတစ်ဦး လိုက်ပါစီးနင်းခဲ့သည့် ရန်ကုန်- လွိုင်ကော် ခရီးသည်တင်ယာဉ်မှ တိုက်ရိုက်ထိတွေ့သူများကို  စက်တင်ဘာလ (၂၃) ရက်နေ့၌ facility quarantine ထားပြီး ၎င်းတို့၏မိသားစုဝင်များအား home quarantine ထားကြောင်း သိရသည်။
“ရန်ကုန်ကလာသူတွေ quarantine ဝင်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ကတော့ စက်တင်ဘာလ (၁၂) ရက်နေ့မှာထွက်တာပေါ့။ အဲဒီလိုအသံတွေ ကြားတော့ ရန်ကုန်ကလာတဲ့ ကားက မိုးဗြဲမှာ နှင်းဆီကုန်းဇရပ်မှာ ခဏနားတယ်။ ပြီးတော့ လွိုင်ကော်က ကားသမားကို ခေါ်ပြီးတော့ မောင်းခိုင်းတယ်ပေါ့။ ဆိုလိုတာကတော့ အခုယာဉ်မောင်းက ရန်ကုန်ကနေမောင်းလာတဲ့ ယာဉ်မောင်းဆီက သော့ယူပြီးတော့ ကားကို လွိုင်ကော်ထိမောင်းလာပေးတယ်ဆိုတော့ ထိတွေ့အဖြစ် သတ်မှတ်တယ်ပေါ့။ အဲဒီတော့ လွိုင်ကော်အထိ မောင်းလာပေးတဲ့ ယာဉ်မောင်းရယ်၊ ဂိတ်မှူးရယ်ကို ကျွန်တော်တို့က ချက်ချင်းပဲ quarantine လုပ်ထားတယ်။ နောက်ပြီး ဂိတ်ကဝန်ထမ်းတွေရယ် သူတို့ဆက်စပ်တဲ့ သူတို့ မိသားစုတွေရှိတာပေါ့ သူတို့ကို ပြည်နယ်ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ အပြင်ထွက်ခွင့်မပေးဘဲ Home Stay လုပ်ထားတယ်။ ကျွန်တော်တို့ Q ထည့်သင့်တဲ့သူကို ညတွင်းချင်း Q တယ်။ stay home ထားရမယ့်သူတွေကို ထားပြီး သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို စောင့်ကြည့်ခိုင်းထားတယ်”ဟု လွိုင်ကော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
ရန်ကုန်မှပြန်လာ၍ ပင်လောင်းမြို့နယ်၊ ဝါးလီ facility quarantine စင်တာတွင် အသွားအလာကန့်သတ်ထားသည့် အမျိုးသမီး (၁)ဦးမှာ စက်တင်ဘာလ (၁၀) ရက်နေ့တွင် ရန်ကုန်မှ လွိုင်ကော်သို့ ပြေးဆွဲနေသည့် ရွှေရာဇာမော်တော်ယာဉ်ဖြင့် လိုက်ပါခဲ့ခြင်းဖြစ်ပြီး အဆိုပါခရီးစဉ်တွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အပါအဝင် (၁၀)ဦးလိုက်ပါလာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်တွင် လိုက်ပါလာသူများအနက် နောင်မူကျေးရွာ (တီကျစ်)တွင် (၄) ဦးဆင်းကာ ၊ ပင်လောင်း မြို့တွင်  မြောက်စလုံးရွာမှ (၃)ဦးတို့လမ်းတွင်ဆင်းခဲ့ပြီး လွိုင်ကော်သို့ပြန်လည်ဝင်ရောက်ရာတွင် ရန်ကုန်မှ မောင်းနှင်လာသော ယာဉ်မောင်းမှာ Quarantine ဝင်ရမည်စိုးသောကြောင့် လွိုင်ကော်မှ ယာဉ်မောင်း တစ်ဦးအား မိုးဗြဲတွင် ကားအား လာရောက်မောင်နှင်ခိုင်းခဲ့ကာ လွိုင်ကော်ဂိတ်သို့ ခရီးသည်တစ်ဦးမှ မပါဝင်ဘဲ ကုန်ပစ္စည်းများဖြင့်သာ ဝင်ရောက်ခဲ့ပြီး စက်တင်ဘာလ (၁၁) ရက်နေ့ညနေတွင် ခရီးသည်များတင်ကာ ရန်ကုန်သို့ ပြန်လည်ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပိုးတွေ့လူနာ လိုက်ပါစီးနင်းခဲ့သော စက်တင်ဘာလ (၁၀) ရက်နေ့ ခရီးစဉ်မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များမှာ ရန်ကုန်တွင်ရှိနေပြီး မိုးဗြဲ -လွိုင်ကော် အသွားအပြန်မောင်းနှင်ပေးသည့် ယာဉ်မောင်းနှင့် ဂိတ်မှူးတို့အား နတလကျောင်းရှိ facility quarantine center တွင် ထားကာ ထိတွေ့သူများ၏ မိသားစုဝင်များနေထိုင်သည့် လောဓမ္မရပ်ကွက်၊ နာနတ်တောရပ်ကွက်၊ လောကထုကွက် သစ်-လောပိတ၊ ကြည်သာယာ ၊ ကားကြီးဝန်း ဆိုင်ခန်း၊ မြေနီကုန်းကွက်သစ်နှင့် ကားကြီးဝန်းရှိ ထမင်းဆိုင်တွင်နေထိုင်သူတို့အား Home Quarantine ထားကြောင်း သိရသည်။
“ဒီရန်ကုန်ကမောင်းလာတဲ့ ကားသမားစပါယ်ယာတွေနဲ့ တိုက်ရိုက်ထိတွေ့ခဲ့တဲ့  မိုးဗြဲကိုကားသွား မောင်းလာပေးတဲ့ ဒီကယာဉ်မောင်းရယ်၊ ဂိတ်မှူးရယ်ကို ပြည်နယ်ကျန်းမာရေးမှူး ကိုယ်တိုင် ဓါတ်ခွဲနမူနာယူပြီးတော့ စစ်ဆေးသွားမှာပါ။ (၁၁) ရက်နေ့က ဖြစ်သွားတဲ့ကိစ္စဆိုတော့ အခုဆို (၂၃) ဖြစ်နေပြီ။ ကျွန်တော်တို့ ညွှန်ကြားချက်က (၁၄) ရက်က CBFQ ဝင်ရမယ်လေ။ သူတို့က နောက်ထပ်သေချာပေါက် (၈)ရက်လောက်ကတော့ stay home နဲ့ CBFQ ဝင်ရမယ့်သဘောပေါ့။ ရက်ပြည့်လို့ ပိုးကူးစက်မှု မရှိရင်တော့ ကျွန်တော်ပြန်စီစဉ်ပေးမှာပေါ့။ ပင်လောင်းက အဲဒီကလေးမလေးရဲ့ မိသားစုတွေနဲ့လည်း ကျွန်တော်အဆက်သွယ်ရှိတယ်။ အမြဲလှမ်းမေးနေပါတယ်။ သူကတော့ ကျန်းကျန်းမာမာပါပဲလို့ပြောတယ် ”ဟု လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက ပြောသည်။
Covid-19 ပိုးတွေ့ရှိခဲ့သည့် ပင်လောင်းမြို့နယ် ဝါးလီကျေးရွာ Quarantine စင်တာတွင် ဝင်ရောက်နေသူ အမျိုးသမီးမှာ ရန်ကင်းမြို့နယ်ရှိ Korea စားသောက်ဆိုင်တွင် အလုပ်လုပ်နေသူဖြစ်ပြီး  ၎င်းစီးနှင်းလာသည့် ရွှေရာဇာကားတွင် အတူစီးလာသူ (၄)ဦးမှာ မလေးရှားမှပြန်လာ၍ ရန်ကုန်တွင် Quarantine (၁၄) ရက်ဝင်၍  ဓါတ်ခွဲအဖြေ negative  (၂ )ကြိမ်ရထားသူများဖြစ်ကြောင်း သိရသည်။

Tachileik News Agency

သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~