ဖားဆောင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက် ၁၇ လက်ရဟု KPLA ထုတ်ပြန် 

ဖားဆောင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက် ၁၇ လက်ရဟု KPLA ထုတ်ပြန် 
မတ် 11, 2024 | 2021 Military Coup| ကယား

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့ တံတားလမ်းခွနှင့် စေတီတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ၂၀၂၄ခုနှစ် မတ်လ(၉)ရက်နေ့တွင် တော်လှန်ရေးတပ်များက ဝင်တိုက်ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီပြည် ပြည်သူ့လွတ်‌မြောက်ရေးတပ်မတော်(KPLA)ထံမှ သိရသည်။

အဆိုပါစစ်ကောင်စီတပ်ကို ကရင်နီပြည် ပြည်သူ့လွတ်မြှောက့်ရေးတပ်မတော်(KPLA)နှင့် ကရင်နီအမျိုးသားတော်လှန် ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက် (၁၇)လက်ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။ 

သိမ်းဆည်းရရှိခဲ့သည့် လက်နက်(၁၇)လက်ထဲတွင် ဒရုန်းပစ်လက်နက်များလည်းပါဝင်ကာ စစ်ကောင်စီတပ်သားများ သေဆုံးသူအရေအတွက်ကိုမူ ထုတ်ပြန်ခြင်းမရှိပါ။

ဖေဖော်ဝါရီလကုန်ပိုင်းကစတင်၍ တော်လှန်ရေးတပ်များက ဖားဆောင်းမြို့ရှိ စစ်ကောင်စီတပ်များအား ထိုးစစ်ဆင်တိုက်ခိုက်ပြီး မတ်လ(၅)ရက်နေ့တွင် ဖားဆောင်းမြို့မရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ 

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းပစ်ကူကြောင့် အရပ်သားထိခိုက်၊ သေဆုံးသူရှိကာ နေအိမ်များလည်း ပျက်စီးခဲ့သည်။

#TachileikNewsAgency

Photo: KPLA