ကျောက်မဲမြို့တွင် စားနပ်ရိက္ခာမျှဝေပေးမှု လူစုလူဝေးဖြစ်၍ ရဲနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးက လာရောက် တားဆီး

ကျောက်မဲမြို့တွင် စားနပ်ရိက္ခာမျှဝေပေးမှု လူစုလူဝေးဖြစ်၍ ရဲနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးက လာရောက် တားဆီး
သြဂုတ် 22, 2021 | Covid-19| ရှမ်းမြောက်

ကျောက်မဲတွင် စားနပ်ရိက္ခာမျှဝေပေးမှု လူစုလူဝေးဖြစ်၍ ရဲနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးက တားဆီး

ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် COVID 19 ကာလအတွင်း အခက်အခဲဖြစ်သူများအား စားနပ်ရိက္ခာမျှဝေပေးနေသည့်နေရာတွင် လူစုလူဝေးဖြစ်နေ၍ အာဏာသိမ်းအဖွဲ့၏ ရဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လူစုခွဲ၍ ပြန်ခိုင်းသဖြင့် ၂၀၂၁ ခုနှစ် ဩဂုတ်လ( ၂၂ )ရက်နေ့အတွက် လှူဒါန်းမှုကို ရပ်ဆိုင်းလိုက်ရကြောင်း သိရသည်။

ပင်လုံလမ်းမကြီး (စီပီမီးပွိုင့်ဟောင်း) နားက ကမ္ဘောဇ အလုပ်ရုံရဲ့ အရှေ့အိမ်က မနက် ၈ နာရီလောက်ကနေစပြီး စားနပ်ရိက္ခာအလှူလုပ်တာ။ အဲဒီမှာ လာပြီးတန်းစီနေကြတဲ့သူတွေလည်း အများကြီးပဲရှိတယ်။ မနက် ၈ နာရီ ခွဲလောက်ကျတော့ ( ၁ )ကွက်ရဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှုးနဲ့ ရဲတွေရောက်လာပြီး တန်းစီနေတဲ့လူအုပ်ကို မောင်းထုတ် လိုက်တာတွေ့တယ်။ လူတွေကို အကုန်မောင်းထုတ်ပြီးမှ ရဲနဲ့ အုပ်ချုပ်ရေးမှူးက ပြန်သွားတာ

ဟု မျက်မြင်တွေ့ရသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့ ပင်လုံလမ်းနှင့် ပိတောက်လမ်း လမ်းဆုံအနီးရှိ နေအိမ်တစ်ခုမှ ဆန်၊ ဆီ၊ ဟင်းချက်စရာ စသည့် စားနပ်ရိက္ခာများကို အခမဲ့ရယူနိုင်ရန် လှူဒါန်းနေစဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့က လာရောက်ကာ တန်းစီနေသောလူအုပ်ကို မောင်းထုတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ကျောက်မဲမြို့ပေါ်ရှိ အချို့ လူနေရပ်ကွက်များအတွင်း COVID 19 ကာလအတွင်း အလုပ်အကိုင်ခက်ခဲနေသူများအတွက် ရည်ရွယ်၍ စေတနာရှင်ပြည်သူများ စုပေါင်းလှူဒါန်းခြင်း၊ ငွေကြေးတတ်နိုင်သူများက တစ်ပိုင်တစ်နိုင် လှူဒါန်းကြခြင်းတို့ဖြင့် ပြည်သူမှ ပြည်သူသို့ပြန်လည်ကူညီလှူဒါန်းမှုများ ပြုလုပ်နေကြခြင်းဖြစ်သည်။

ကျောက်မဲမြို့နယ်အတွင်း  ၂၀၂၁ ခုနှစ် ဇွန်လ (၂၀) ရက်နေ့မှ ဩဂုတ်လ (၂၂) ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း ( ၇၀၂ )ဦး ရှိခဲ့ပြီး ဆေးရုံတွင် ကုသမှုခံယူစဉ် သေဆုံးသူစုစုပေါင်း ( ၄၄ )ဦး ရှိသွားပြီဖြစ်၍ လူစုလူဝေးဖြစ်စေနိုင်သည့်၊ ဈေးများ၊ ဆိုင်များ၊ အလုပ်များကို ပိတ်ထားရခြင်း ဖြစ်သည်။

#TachileikNewsAgency