တာချီလိတ်တွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ မရှိသေးသော်လည်း ဘေးပတ်ဝန်ကျင်တွင် သံသယလူနာများတွေ့ရှိပါက အမြန်ဆုံး အသိပေးရန် ခရိုင်စီ/ခန့်က သတင်းထုတ်ပြန်

တာချီလိတ်တွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ မရှိသေးသော်လည်း ဘေးပတ်ဝန်ကျင်တွင် သံသယလူနာများတွေ့ရှိပါက အမြန်ဆုံး အသိပေးရန် ခရိုင်စီ/ခန့်က သတင်းထုတ်ပြန်
မတ် 27, 2020
By Tachileik News Agency

တာချီလိတ်တွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ မရှိသေးသော်လည်း ဘေးပတ်ဝန်ကျင်တွင် သံသယလူနာများ တွေ့ရှိပါက အမြန်ဆုံး အသိပေးရန် ခရိုင်စီ/ခန့်က သတင်းထုတ်ပြန်

ထိုင်းနိုင်ငံနယ်စပ် တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ မရှိသေးသော်လည်း နယ်နမိတ် ထိစပ်နေသည့် မယ်ဆိုင်မြို့တွင် အတည်ပြုလူနာရှိနေပြီဖြစ်၍ တတ်နိုင်သမျှ နေအိမ်တွင် နေထိုင်ကြရန်နှင့် နိုင်ငံအသီးသီးမှ ပြန်လာသူများ မိမိနေအိမ်တွင် (၁၄)ရက်သီးခြား နေထိုင်ကြရန်နှင့် သံသယဖြစ်ဖွယ် တွေ့ရပါက အရေးပေါ်ဖုန်းနံပါတ်များထံ ဆက်သွယ်ကြရန် ခရိုင်စီမံခန့်ခွဲမှုကော်မတီက ၂၀၂၀ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မယ်ဆိုင်ဘက်မှနေ၍ တာချီလိတ်ဘက်သို့ တရားမဝင် ဝင်ပေါက်များမှ ဝင်ရောက်လာသူများနှင့် မိမိတို့ဝန်းကျင်တွင် သံသယလူနာများတွေ့ပါက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်း မရှိစေရန် တာဝန်ရှိသူများထံ ဆက်သွယ် သတင်းပေးပို့ကြရန်ကိုလည်း ပန်ကြားထားသည်။

ကိုရိုနာဗိုင်းရပ်စ်သည် လေထုထဲတွင် ပျံ့နှံ့ပြီး အသက်ရှုလမ်းကြောင်းမှ တစ်ဆင့်လည်းကောင်း၊ အရာဝတ္ထုပစ္စည်းများတွင် ထိကပ်နေသော ရောဂါပိုးများအား လက်နှင့်ကိုင်တွယ် ထိတွေ့ရာမှလည်းကောင်း လျင်မြန်စွာကူးစက်စေသဖြင့်  လက်ကို ဆပ်ပြာဖြင့် မကြာခဏဆေးခြင်း၊ လက်သန့်ဆေးရည်သုံးခြင်း၊ လူထူထပ်သည့်နေရာသွားပါက နှာခေါင်းစည်း (သို့မဟုတ်) တစ်ရှုးဖြင့် ကာကွယ်ခြင်း၊ တုပ်ကွေးလက္ခဏာရှိသူများနှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ကျဉ်ခြင်း၊ အသား၊ ငါး၊ ဥများကို သေချာစွာကျက်အောင် ချက်ပြုတ်စားခြင်း၊ အဟာရပြည့်ဝစွာစားသုံးပြီး ကောင်းစွာအိပ်စက်အနားယူခြင်း၊ တိရစ္ဆာန်များအား အကာအကွယ်မရှိဘဲ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကျဉ်ခြင်း၊ ကိုယ်အပူချိန်မြင့်မားခြင်း နှာချေ၊ ချောင်းဆိုးဝေဒနာခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးပြသခြင်းနှင့် လူအများစုဝေးသည့်ပွဲလမ်းသဘင်များမပြုလုပ်ခြင်းတို့ဖြင့် ကာကွယ်ကြရန် တိုက်တွန်းထားသည်။

တာချီလိတ်ခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်သည့်သတင်းများကို ခရိုင်စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ချက်များကို မြို့တွင်း လှည့်လည်ဆော်သြခြင်းနှင့် ဒေသတွင်း မီဒီယာများမှတစ်ဆင့် ထုတ်ပြန်အသိပေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~