တာချီလိတ်မြို့တွင် Hotel Quarantine ထားနိုင်ရန် ဟိုတယ်လုပ်ငန်းရှင်အသင်းကို ညှိနှိုင်းထားဆဲ

တာချီလိတ်မြို့တွင် Hotel Quarantine ထားနိုင်ရန် ဟိုတယ်လုပ်ငန်းရှင်အသင်းကို ညှိနှိုင်းထားဆဲ
အောက်တိုဘာ 2, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် Hotel Quarantine ထားနိုင်ရန် ဟိုတယ်လုပ်ငန်းရှင်အသင်းကို ညှိနှိုင်းထားဆဲ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လာရောက်သူများအား Facility Quarantine အပြင် Hotel Quarantine ပါ ထားရှိနိုင်ရန်အတွက် ဟိုတယ်လုပ်ငန်းရှင်များအသင်းကို အကြောင်းကြားစာပေးပို့ညှိနှိုင်းထားသော်လည်း Hotel များက Quarantine ထားရန် စိတ်ဝင်စားမှုနည်းနေကြောင်း သိရသည်။
“ဟိုတယ်လုပ်ငန်းရှင်များအသင်းကို စာပို့ထားတယ်။ လောလောဆယ်တော့ အကြောင်းပြန် မလာသေးဘူး။ သူတို့ဘက်က စိုးရိမ်ကြတာကလည်း အကယ်၍ positive ထွက်သွားရင် ဟိုတယ် Lock Down လုပ်ခံရမလား။ တခြားထိခိုက်တာတွေ ရှိမလား စိုးရိမ်ကြတာတွေရှိတယ်။  အခုလက်ရှိတော့ ညှိနှိုင်းဆောင်ရွက်နေပါတယ်”ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(တာချီလိတ်ရုံးခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် ပြောသည်။
ထိုင်း၊ လာအိုတို့နှင့် နယ်စပ်ဖြစ်သည့် တာချီလိတ်မြို့နယ်တွင် နေရပ်ပြန်လာသူများ၊ တစ်ဖက်နိုင်ငံမှ ပြစ်ဒဏ်စေ့ပြန်လွှဲလာသူများအား Facility Quarantine ထားရှိနေရာမှ နိုင်ငံတွင်း COVID 19 ကူးစက်မှုဖြစ်လာ၍ ရှမ်းပြည်နယ်တွင်းမှလွဲ၍ အခြားဒေသမှ လာရောက်သူများကိုပါ Facility Quarantine ထားရှိနေရာ မိမိစရိတ်ဖြင့် Hotel Quarantine နေလိုသူများလည်း ရှိနေခြင်းဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ တာဝန်ရှိသူတွေ သတ်မှတ်တဲ့အတိုင်း Quarantine ဝင်ဆိုလည်း ဝင်ချင်ပါတယ်။ ဒါပေမဲ့ မိသားစုနဲ့ Facility Quarantine ဝင်ဖို့က အဆင်ပြေဖို့ခက်တော့ Hotel Quarantine လိုမျိုးရနိုင်ရင် ပိုအဆင်ပြေပါတယ်”ဟု မန္တလေးမှ တာချီလိတ်သို့ လာရောက်၍ Quarantine ဝင်နေသူတစ်ဦးက ပြောသည်။
လက်ရှိတွင် တာချီလိတ်မြို့ရှိ Facility Quarantine Center  ၌ Quarantine ဝင်သူများက စားစရိတ်ကျခံစေသည့်စနစ်ဖြင့် ထားရှိနေခြင်းဖြစ်သည်။
“Quarantine ထားတာက ဝင်လာတာ ရက်မတူတဲ့သူတွေကို တစ်နေရာထဲ စုထားလို့ မရဘူး။ ဒီတော့ နေရာလိုတာပေါ့။ အခုက ကျွန်တော်တို့ ရှာဖွေထားတဲ့နေရာတွေမှာ ထားတဲ့အခါ တစ်ချို့က ဘာကြုံရလဲဆိုတော့ သူတို့ရပ်ကွက်၊ ကျေးရွာက လူဆိုရင်တော့ထား၊ ကျန်တဲ့သူတွေ လက်မခံဘူးဆိုတာမျိုးတွေလည်း ကြုံရတယ်။ လတ်တလောကတော့ Quarantine ထားရတာ အဆင်ပြေပါသေးတယ်။ Hotel Quarantine အတွက်လည်း ဟိုတယ်တစ်လုံးလောက် ရှာပေးဖို့တော့ ဟိုတယ်/ခရီးကို ကျွန်တော်တို့ ပြောထားပါတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။
ဒေသတွင်း Quarantine ထားရမည့်ဦးရေ များလာပါက မိမိစရိတ်ဖြင့် ဟိုတယ် Quarantine ဝင်နိုင်မည့် အစီအစဉ်ကို လုပ်ဆောင်နိုင်ရန် တာချီလိတ်ခရိုင်၊ မြို့နယ် COVID-19 ကော်မတီက စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~