တာချီလိတ်မြို့သို့ ထိုင်းဘက်က လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၀၉)ဦး အနက် အကြိမ်ကြိမ် စစ်ဆေးချက်အရ (၈၅)ဦးအထိ Covid-19 ပိုးတွေ့ရှိထား

တာချီလိတ်မြို့သို့ ထိုင်းဘက်က လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၀၉)ဦး အနက် အကြိမ်ကြိမ် စစ်ဆေးချက်အရ (၈၅)ဦးအထိ Covid-19 ပိုးတွေ့ရှိထား
ဇွန် 21, 2021 | Covid-19| ရှမ်းရှေ့

 ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများကို Quarantine ထားရှိရာ ၎င်းတို့ထဲမှ နောက်ထပ်  (၃) ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့တွင် စစ်ဆေးတွေ့ရသဖြင့် ပြစ်ဒဏ်စေ့အုပ်စုထဲတွင် စုစုပေါင်း အတည်ပြုလူနာ (၈၅) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့သို့ ၂၀၂၁ခုနှစ် ဇွန်လ(၁)ရက်နေ့က ထိုင်းနိုင်ငံဘက်မှ လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသား (၁၀၉)ဦးကို ချစ်ကြည်ရေး အမှတ်(၂)တံတား တာချီလိတ်ဘက်တွင် Covid-19 စစ်ဆေးရာ (၁၀၉)ဦးအနက် (၇)ဦးတွင် ပိုးတွေ့ရပြီး  ဇွန်လ(၃)ရက်နေ့ နံနက်(၃)နာရီဝန်းကျင်အချိန်က (၁)ဦး ထွက်ပြေးသွားသည့်အတွက် ကျန်ရှိသည့် (၁၀၁)ဦးကို ဇွန်လ(၄)ရက်နေ့က စစ်ဆေးရာ  (၃၀)ဦးတွင် ပိုးတွေ့ရှိပြီး ကျန်ရှိသူများကို ဆက်လက်၍ ဇွန်လ(၁၁)ရက်နေ့တွင် ထပ်မံစစ်ဆေးရာ အမျိုးသား(၃၆)ဦး နှင့် အမျိုးသမီး(၉)ဦး စုစုပေါင်း (၄၅)ဦးတွင် Covid-19 ပိုးတွေ့ရှိရခြင်းဖြစ်သည်။



ဆက်လက်၍ ကျန်ရှိသူများကို ယနေ့ ဇွန်လ(၂၁)ရက်နေ့တွင် ထပ်မံ စစ်ဆေးရာ (၃)ဦးတွင် Covid-19 တွေ့ရှိရသည့်အတွက် အဆိုပါ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများထဲက စုစုပေါင်း (၈၅)ဦးတွင် Covid-19 တွေ့ရှိထားရခြင်း ဖြစ်သည်။

တာချီလိတ်သို့ ဇွန်လ (၁)ရက်နေ့က ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၀၉) ဦးကို ဝင်လာသည့်နေ့၌ စစ်ဆေးရာ အမျိုးသား (၆) ဦးနှင့် အမျိုးသမီး (၁) ဦးတွင် COVID 19 ပိုးတွေ့ရသည့်အတွက် ကျန် (၁၀၂) ဦးကို တာချီလိတ်မြို့ရှိ မိုးကုတ်တရားရိပ်သာတွင် Quarantine ထားပြီး ထပ်မံစစ်ဆေးခြင်းဖြစ်သည်။