ဟိုပုံးမြို့တွင် ATM စက်မရ၍ ဘဏ်မှ ငွေထုတ်လိုသူများ နံနက် (၃)နာရီကတည်းက လာရောက် တန်းစီစောင့်နေရသူများရှိနေ 

ဟိုပုံးမြို့တွင် ATM စက်မရ၍ ဘဏ်မှ ငွေထုတ်လိုသူများ နံနက် (၃)နာရီကတည်းက လာရောက် တန်းစီစောင့်နေရသူများရှိနေ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ATM စက်ကနေ ငွေထုတ်၍မရသည့် အတွက် စာအုပ်ဖြင့် ထုတ်လိုသူများမှာ နံနက်(၃)နာရီဝန်းကျင်ကတည်းက လာရောက်တန်းစီသူများရှိနေသလို ယနေ့ မေလ(၃)ရက်နေ့တွင်လည်း လူများနေသည်ကို တွေ့ရသည်။



ငွေထုတ်ဖို့ တုံကင်ရဖို့အရေး စောင့်နေရတာ၊ လူက (၃၀၀)ကျော်လောက်ရှိတယ်၊ ထုတ်ပေးတာက တနေ့ကို (၄၀)နှုန်းနဲ့ တစ်ပတ်အတွက် တုံကင် (၂၀၀)ပဲထုတ်ပေးတာ။ တစ်ခါထုတ်လည်း ကျပ်(၅)သိန်းပဲ ရတယ်၊

ဟု တန်းစီစောင့်ဆိုင်းခဲ့ရသည့် ဒေသခံတစ်ဦးက မေလ(၃)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ATM စက်တွင် ငွေကုန်သွားသော်လည်း ထပ်မံဖြည့်သွင်းပေးခြင်းမရှိ၍ ပိုအခက်တွေ့နေကြောင်းသိသည်။



ATM စက်က ပိုက်ဆံကို မရှိတာ ထပ်လည်းမထည့်ဘူး။ အရင်အပတ်ကတော့ စက်တစ်လုံးရသေးတယ်။ စက်နှစ်လုံးရှိတာကို အခုတော့ တစ်လုံးမှ အလုပ်မလုပ်တော့ဘူး ပိတ်ထားတယ်။

ဟု ၎င်းက ပြောသည်။

နိုင်ငံ့အာဏာသိမ်းခံထားရပြီးနောက် ဘဏ်များတွင် ငွေထုတ်ယူမှုကို အာဏာသိမ်းစစ်ကောင်စီ၏ ဗဟိုဘဏ်အဖွဲ့က ကန့်သတ်ထားလိုက်ခြင်း ဖြစ်၍ မြို့နယ်အသီးသီးရှိ ဘဏ်ဖွင့်သည့် ဘဏ်များရှေ့တွင် တန်းစီစောင့်ဆိုင်းရသူ များပြားနေခြင်း ဖြစ်သည်။