မိုင်းဆတ်မှ တစ်နှစ်သားကလေးငယ် မန္တလေးသို့ သွားရောက်ကာ ဆေးကုသနိုင်ရန်အတွက် တာချီလိတ်က အပါအဝင် စေတနာရှင်များ၏ စုပေါင်းလှူဒါန်းမှုမှာ (၈)ရက်အတွင်း ကျပ်(၃၅)သိန်းကျော် ရရှိ

မိုင်းဆတ်မှ တစ်နှစ်သားကလေးငယ် မန္တလေးသို့ သွားရောက်ကာ ဆေးကုသနိုင်ရန်အတွက် တာချီလိတ်က အပါအဝင် စေတနာရှင်များ၏ စုပေါင်းလှူဒါန်းမှုမှာ (၈)ရက်အတွင်း ကျပ်(၃၅)သိန်းကျော် ရရှိ
ဒီဇင်ဘာ 28, 2019
By Tachileik News Agency
မိုင်းဆတ်မှ တစ်နှစ်သားကလေးငယ်  မန္တလေးသို့ သွားရောက်ကာ ဆေးကုသနိုင်ရန်အတွက် တာချီလိတ်က အပါအဝင် စေတနာရှင်များ၏ စုပေါင်းလှူဒါန်းမှုမှာ (၈)ရက်အတွင်း ကျပ်(၃၅)သိန်းကျော် ရရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်အတွင်း မိုင်းတွင်းတောင်ပေါ်ကျေးရွာအုပ်စု ဘိုယားအာခါရွာမှ တစ်နှစ်ကျော်သားကလေးငယ်ကို ခွဲစိတ်ကုသရန် မိသားစုက ဆေးကုသစရိတ် မတတ်နိုင်သဖြင့် စေတနာရှင်များက စုပေါင်းလှူဒါန်းပေးကြရာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့မှ (၂၈)ရက်နေ့ အထိ စုစုပေါင်းလှူဒါန်းငွေ ကျပ် (၃၅)သိန်းကျော် ရထားပြီဖြစ်ကြောင်း အလှူငွေရှာဖွေပေးနေသည့် ရှမ်းအရှေ့ Health CSOs ကွန်ရက်ထံမှ သိရသည်။

ကလေးငယ်မှာ နောက်ကျောဘက်တွင် ဘုလုံးဖြစ်နေပြီး ဦးခေါင်းတွင် ရေအိတ်တဖြည်းဖြည်းကြီးလာ၍ မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ခွဲစိတ် ကုသမှုခံယူရမည်ဖြစ်သော်လည်း ဆေးကုသစရိတ်မရှိဘဲ အခက်အခဲဖြစ်နေခဲ့ကြခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါ ကလေးငယ်၏ အခြေအနေမှာ ကျန်းမာရေးကောင်းမွန်နေသော်လည်း ဦးခေါင်းနှင့် နောက်ကျောဘုတို့မှာ တဖြေးဖြေးကြီးလာနေကြောင်း သိရသည်။

"အခြေအနေက ခေါင်းကတော့ တဖြေးဖြေးကြီးကြီးလာတယ်။ နောက်ကျောက အလုံးလည်း တဖြေးဖြေးကြီးကြီးလာတယ်၊ ကလေးကတော့ ကျန်တာတော့ ဘာမှမဖြစ်ဘူး။ ကျန်းမာရေးကောင်းတယ်။ အစားလည်းစားတယ်။ ကျောဘုလုံးက ဟိုထိ ဒီထိနဲ့ဆိုတော့ အရမ်းနာတယ်။"

ဟု ကလေးငယ် ဆေးကုသနိုင်ရေး ကူညီပေးနေသည့် ရှမ်းအရှေ့ Health CSOs ကွန်ရက်မှ ဒေါ်သန်းသန်းဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကလေးငယ်အား မန္တလေးမြို့သို့ ခေါ်ဆောင်ကာ ကုသရမည်ဖြစ်သည့်အတွက် မိခင်ဖြစ်သူမှာ မှတ်ပုံတင်မရှိသေး၍ မှတ်ပုံတင်သွားရောက် ဆောင်ရွက်နိုင်ရန်အတွက်လည်း ကူညီပေးခဲ့ကြောင်း သိရသည်။

"သူတို့က ဟိုမှာနေပြီးတော့ ဆေးကုရမှာ မန္တလေးက ဆရာဝန်တွေ ပြောတာတော့ (၁) လကျော်လောက်ကြာမယ် ပြောတယ်။ ကုရတာ နည်းနည်း ကြာမှာပေါ့။ မန္တလေးမှာ သူတို့နေထိုင်ရမယ့် စရိတ်တွေ ပေးထားခဲ့ရမှာ။ အဲ့ဒီတော့ ရသလောက်တော့ အလှူငွေ ကောက်မယ်လိုက်မယ်လို့ စဉ်းစားလိုက်တာပါ"

ဟု ကလေးငယ် ဆေးကုသနိုင်ရေး ကူညီပေးနေသည့် ရှမ်းအရှေ့ Health CSOs ကွန်ရက်မှ ဒေါ်သန်းသန်းဌေးက  ပြောသည်။

အသက်(၁)နှစ်နှင့်(၁)လအရွယ် အာခါတိုင်းရင်းသား မောင်အာဗေအား ဆေးကုသစရိတ်အတွက် တာချီလိတ် မှ စေတနာရှင်များနှင့် ရပ်နီးရပ်ဝေးမှ စေတနာရှင်များက စုပေါင်းလှူဒါန်းကြရာ မြန်မာကျပ်ငွေ (၂,၅၅၅,၀၀၀)၊ ထိုင်းဘတ်ငွေ (၂၂,၅၀၀) ရရှိထားပြီဖြစ်ကြောင်း သိရသည်။

တစ်နှစ်ကျော်အရွယ် ကလေးငယ်ကို မန္တလေး ကလေးဆေးရုံကြီးတွင် သွားရောက်ကုသနိုင်ရန် ပြင်ဆင်နေကြပြီဖြစ်ပြီး မန္တလေးတွင် ကုသမှုခံယူသည့်ကာလနှင့် ကုသမှုခံယူပြီး နေရပ်ပြန်သည်အထိ  ရှမ်းအရှေ့ Health CSOs ကွန်ရက်က စေတနာရှင်များနှင့် ချိတ်ဆက်ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ရှမ်းအရှေ့ Health CSOs

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~