မကွေးလေတပ်စခန်းမှ တပ်မတော်သုံး တိုက်လေယာဉ် ပြေးလမ်းချော်မှု ဖြစ်ပွား

မကွေးလေတပ်စခန်းမှ တပ်မတော်သုံး တိုက်လေယာဉ် ပြေးလမ်းချော်မှု ဖြစ်ပွား
အောက်တိုဘာ 6, 2020
By Tachileik News Agency
မကွေးလေတပ်စခန်းမှ တပ်မတော်သုံး တိုက်လေယာဉ် ပြေးလမ်းချော်မှု ဖြစ်ပွား
မကွေးလေတပ်စခန်းဌာနချုပ်ဝန်းအတွင်း တပ်မတော်သုံး တိုက်လေယာဉ်(၁)စီး ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၆) ရက်နေ့၊ မွန်းလွဲ(၁)နာရီခွဲဝန်းကျင်က ကွင်းအဆင်းတွင် ပြေးလမ်းချော်မှုဖြစ်ပွားကြောင်း သိရသည်။
မကွေးလေတပ်စခန်းဌာနချုပ်မှ လေ့ကျင့်ပျံသန်းနေသော MIG 29 အမျိုးအစား တိုက်လေယာဉ်သည် ကွင်းအဆင်းတွင် ဘီးချော်သွားကာ ဌာနချုပ်ခြံစည်းရိုးစပ် တောင်တွင်းလမ်းအနီးထိရောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"တိုက်လေယာဉ်က ဆင်းတဲ့ အခါကျရင် အရှိန်ကြီးတော့ နောက်ကလေထီးဖွင့်ပြီး လေထီးရဲ့ဆွဲအားနဲ့ ရပ်ရတာ။ အခုက လေထီးမပွင့်ဘဲဖြစ်သွားလို့ အရှိန်မထိန်းနိုင်ဖြစ်ပြီး ပြေးလမ်းချော်သွားတာပါ" ဟု မကွေးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရပြီး လေယာဉ်အား မကွေးလေတပ်စခန်းဌာနချုပ် ပြင်/ထိန်းဌာနသို့ ပြန်လည်ဆွဲယူသွားပြီးဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလက မင်းဘူး(စကု)မြို့နယ်၌ တိုက်လေယာဉ်(၂)စီး ပျက်ကျခဲ့၍ လေယာဉ်မှူး(၂)ဦးနှင့် ကျောင်းသူလေး(၁)ဦး သေဆုံးခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~