လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် မကွေးတိုင်းအတွင်းမှ ပထမဦးစားပေးအဖြစ် ငဖဲမြို့နယ်ကို ပဏာမရွေးချယ်ထား

လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် မကွေးတိုင်းအတွင်းမှ ပထမဦးစားပေးအဖြစ် ငဖဲမြို့နယ်ကို ပဏာမရွေးချယ်ထား
ဖေဖော်ဝါရီ 24, 2020
By Tachileik News Agency
လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် မကွေးတိုင်းအတွင်းမှ ပထမဦးစားပေးအဖြစ် ငဖဲမြို့နယ်ကို ပဏာမရွေးချယ်ထား

လူထုဗဟိုပြု စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ပေးရန် မကွေးတိုင်းဒေသကြီးမှ နောက်တိုးမြို့နယ်အဖြစ် ပထမဦးစားပေးကို ငဖဲမြို့နယ်၊ ဒုတိယဦးစားပေးအဖြစ်  နတ်မောက်မြို့နယ် နှင့် တတိယဦးစားပေးအဖြစ် ဆင်ပေါင်ဝဲမြို့နယ်တို့ကို ဖေဖော်ဝါရီလ (၂၃) ရက်နေ့က ပဏာမရွေးချယ်လိုက်ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့်
ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ပေးရန်အတွက် ရွေးချယ်ခြင်း ဖြစ်ကြောင်း သိရသည်။

စီမံကိန်း ရန်ပုံငွေအခြေအနေအရ နောက်ထပ်(၁၃)မြို့နယ် ထပ်မံအကောင်အထည်ဖော်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်တဲ့ နေပြည်တော်နဲ့ကယားပြည်နယ်ကလွဲလို့  ကျန် ပြည်နယ်/တိုင်း (၁၃)ခုက မြို့နယ်(၁၃)မြို့နယ်ကို ရွေးချယ်ရမှာဖြစ်လို့ မကွေးတိုင်းအတွင်းက မြို့နယ် တစ်ခုကိုရွေးချယ်ဖို့အတွက် ဒီကနေ့ မြို့နယ်(၃)ခုကို ပထမ ဦးစားပေး၊ ဒုတိယဦးစားပေးနဲ့ တတိယဦးစား ပေးဆိုပြီး ပဏာမ ရွေးချယ်လိုက်ကြတာပါ။ ဒီရလဒ်ကို တိုင်းအစိုးရအဖွဲ့ဆီကို ဆက်လက်တင်ပြပြီး မြို့နယ် တစ်ခုကို အတည်ပြုပေးရမှာပါ

ဟု မကွေးတိုင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ မြို့နယ်များအား ၂၀၂၀ခုနှစ် ဖေဖော်ဝါရီ(၂၃)ရက်နေ့တွင်ပြုလုပ်သည့် လူထုဗဟိုပြုစီမံကိန်း၏ တိုင်းဒေသကြီးအဆင့် လူထုဗဟိုပြုစီမံကိန်းမြို့နယ် ရွေးချယ်သည့်အခမ်းအနားတွင် တက်ရောက်လာသော လွှတ် တော်ကိုယ်စားလှယ်များ၊ တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူများ၊ မြို့နယ်အသီးသီးမှ တက်ရောက်လာသူများ၊ NGO, INGO များက ဝိုင်းဝန်းဆွေးနွေးကာ ရွေးချယ်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် ပူးပေါင်းပါဝင် အားဖြည့်ပေးသည့်အနေဖြင့် ကမ္ဘာ့ဘဏ်က ၂၀၁၃-၂၀၁၄ ဘဏ္ဍာရးနှစ်မှစ၍  လူထုဗဟိုပြုစီမံကိန်းအား ကနဦးထောက်ပံ့ငွေ အမေရိကန်ဒေါ် လာ သန်း(၈၀)ဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ဘဏ်မှပင် တစ်နှစ် အတိုး (ဝ.၇၅)ရာခိုင်နှုန်းဖြင့် ချေးငွေ အမေရိကန်ဒေါ်လာ သန်း(၄၀၀)၊ အီတလီနိုင်ငံမှ ထောက်ပံ့ငွေ ဒေါ်လာ(၃)သန်း၊ ယင်းနိုင်ငံမှ အတိုးနှုန်း နိမ့်ဖြင့်ချေးငွေ ဒေါ်လာ(၂၂)သန်း၊ ယူကေအစိုးရမှ ထောက်ပံ့ငွေ ဒေါ်လာ(၃)သန်း၊ နိုင်ငံတော်မှ ထောက်ပံ့ ထည့်ဝင်ငွေ ဒေါ်လာ(၄၁)သန်း၊ စုစုပေါင်း ဒေါ်လာ(၅၄၉)သန်းဖြင့် လက်ရှိ ပြည်နယ်/တိုင်းအသီးသီးမှ မြို့နယ်ပေါင်း (၆၃)ခုတွင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းမှာ စေတုတ္တရာ၊ မင်းတုန်း၊ ဆော၊ ထီးလင်းနဲ့ ပေါက်မြို့နယ်(၅)မြို့နယ်မှာ  လူထုဗဟိုပြုစီမံ ကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေတာမှာ စေတုတ္တရာနဲ့ မင်းတုန်း က စတုတ္ထနှစ်စက်ဝန်း ပြီးသွား ပါပြီ။ ကျန်တဲ့ (၃)မြို့နယ်ကလည်း စတုတ္ထနှစ်စက်ဝန်းကို ရောက်နေပါပြီ။ ပြီးသွားတဲ့မြို့နယ်တွေကို ပြန်ကြည့် မယ်ဆိုရင် ကျေးရွာသားတွေအားလုံးဟာ သူတို့ကိုယ်တိုင် ကော်မတီရွေးချယ်ခဲ့တယ်။ သူတို့ကိုယ်တိုင် စီမံကိန်းကို ဘယ်လိုအကောင်အထည်ဖော်မလဲ စဉ်စားဆုံးဖြတ်ဆောင်ရွက်ခဲ့ကြတယ်ဆိုတော့ ဒီလုပ်ငန်းဟာ ပြည်သူကိုဗဟိုပြုတဲ့လုပ်ငန်းဆိုတာ ထင်ရှားပါတယ်။ နောက်တစ်ချက် ဘာတွေ့ရသလဲဆိုရင် စီမံခန့်ခွဲရေး အထောက်အကူပြုကော်မတီဖွဲ့တဲ့နေရာမှာလည်း အမျိုးသားဥက္ကဌ ရှိသလို အမျိုးသမီးဥက္ကဌတွေကိုလည်း တွေ့ရမှာဖြစ်တယ်။ ကျား/မ အချိုးကိုလည်း မျှတအောင်ဖွဲ့စည်းထားတာတွေ့ရမှာဖြစ်ပါတယ်

ဟု မကွေး တိုင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း စီမံကိန်းအကောင်အထည်ဖော်ဆောင်နိုင်မှုအနေဖြင့် စီမံကိန်းမြို့နယ် (၅) မြို့နယ်မှ ကျေးရွာအုပ်စုပေါင်း (၃၁၉)စု၊ ကျေးရွာပေါင်း (၇၆၂)ရွာ အခြေခံအဆောက်အဦအမျိုးအစား စုစုပေါင်း(၂၆၈၃)ခု ဆောင်ရွက်ပြီးစီးခဲ့ကာ လမ်းပေါင်း(၈၈၆)လမ်း၊ တံတားပေါင်း(၉၉)စင်း၊ ရေပေးဝေရေး လုပ်ငန်းပေါင်း(၃၅၇)ခု၊ စာသင်ကျောင်းပြုပြင်ခြင်း၊ ဆောက်လုပ်ခြင်း (၄၃၁)ကျောင်း၊ မီးလင်းရေးလုပ်ငန်း ပေါင်း(၄၈၇)ခု၊ ကျန်းမာရေးဆေးခန်းပေါင်း(၈)ခု ။ကျေးရွာအဆောက်အဦခန်းမ (၂၅၂)ခုနှင့် အခြားစီမံကိန်း လုပ်ငန်းပေါင်း(၂၆၃)ခုတို့ကို ကျေးလက်နေပြည်သူများကိုယ်တိုင် ရွေးချယ်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~