ကျောက်မဲမြို့နယ်အတွင်းမှ တိုက်ပွဲရှောင်ခဲ့ရသည့်ကျေးရွာများသို့ ပြည်နယ်အစိုးရနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက စားနပ်ရိက္ခာပံ့ပိုး

ကျောက်မဲမြို့နယ်အတွင်းမှ တိုက်ပွဲရှောင်ခဲ့ရသည့်ကျေးရွာများသို့ ပြည်နယ်အစိုးရနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက စားနပ်ရိက္ခာပံ့ပိုး
အောက်တိုဘာ 19, 2020
By Tachileik News Agency
ကျောက်မဲမြို့နယ်အတွင်းမှ တိုက်ပွဲရှောင်ခဲ့ရသည့် ကျေးရွာများသို့ ပြည်နယ်အစိုးရနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက စားနပ်ရိက္ခာပံ့ပိုး
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်းမှ တိုက်ပွဲရှောင်ပြီး နေရပ်ပြန်သူများအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့က ထောက်ပံ့သည့် စားနပ်ရိက္ခာများကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့၌ ကျေးရွာများအရောက်ပို့ပေးနေကြောင်း သိရသည်။
ရှမ်းပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်နှင့် ကျောက်မဲရှိလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သည့်အဖွဲ့က အောက်တိုဘာလ (၁၈) ရက်နေ့တွင် နောင်ပိန်ကျေးရွာသို့ သွားရောက်၍ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲရှောင်များရှိရာကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ တိုက်ပွဲရှောင်အိမ်ထောင်စု (၁၀၁၄) စုမှ လူဦးရေ (၃,၄၄၀) ဦးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် တန်ဖိုးငွေကျပ် (၈၄) သိန်းကျော်တန်ဖိုးရှိ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်နီ၊ ငါးသေတ္တာဘူးများနှင့်  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ဆန် (၃၉၃) အိတ်တို့ကို သက်ဆိုင်ရာ‌ကျေးရွာအုပ်ချုပ်ရေးမှူးများအား နောင်ပိန်ကျေးရွာ၌ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။
ယင်းအပြင် စစ်ဘေးရှောင်ပြည်သူများ ယာယီခိုလှုံခဲ့သော ပုံဝိုး‌ကျေးရွာဘုန်းတော်ကြီးကျောင်း၊ တောင်ထိပ်ကျေးရွာဘုန်းကြီးကျောင်းနှင့် နမ့်မဟင်ကျေးရွာသို့ သွားရောက်၍ ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့ကြောင်းလည်း သိရသည်။
ကျောက်မဲမြို့နယ်အတွင်း ပုံဝိုးဒေသတွင် အောက်တိုဘာလ (၂) ရက်နေ့ကစတင်၍ တပ်မတော်နှင့် RCSS/SSA တို့၏ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်သူ (၃,၄၄၀) ဦးအထိရှိခဲ့ကာ ကျေးရွာဘုန်းကြီးကျောင်းများအပါအဝင် စစ်ဘေးရှောင်စခန်း (၁၀) ခုအထိ ဖွင့်ခဲ့ရခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားခဲ့ရာဒေသများမှ အချို့ကျေးရွာများတွင် အခြေအနေအေးချမ်းပြီဖြစ်သောကြောင့် အဆိုပါ စစ်ဘေးရှောင်များထဲမှ (၉၀) ရာခိုင်နှုန်းခန့်သည်  အောက်တိုဘာလ (၁၇) ရက်နေ့က နေရပ်ပြန်သွားကြကြောင်း သိရသည်။
နေရပ်ပြန် စစ်ဘေးရှောင်များ စားသောက်ရေးအဆင်ပြေစေရေးအတွက် ထောက်ပံ့ပေးသည့် စားနပ်ရိက္ခာများကို  စစ်ဘေးရှောင်ခဲ့ရသည့် ကျေးရွာများမှ ကျေးရွာအုပ်‌ချုပ်ရေးမှူးများမှတစ်ဆင့် စစ်ဘေးရှောင်ပြည်သူများထံ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ - မိုင်းထွန်း

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~