အကြမ်းဖက် စစ်ကောင်စီတပ် နှင့် MNDAA တို့ ကိုးကန့်နှင့်မူပန်ဘက်တွင် တိုက်ပွဲဖြစ်ပွား

အကြမ်းဖက် စစ်ကောင်စီတပ် နှင့် MNDAA တို့ ကိုးကန့်နှင့်မူပန်ဘက်တွင် တိုက်ပွဲဖြစ်ပွား
ဇန်နဝါရီ 25, 2022 | ရှမ်းမြောက်

အထူးဒေသ(၁) ကိုးကန့်ခရိုင်နှင့် မူပန်ခရိုင်တွင် အကြမ်းဖက် စစ်ကောင်စီတပ် နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)ကိုးကန့်တို့ ဇန်နဝါရီလ(၂၃)ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းတစ်ချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း MNDAA က ယနေ့ဇန်နဝါရီလ(၂၅)ရက်နေ့တွင် သတင်း ထုတ်ပြန်လာသည်။

ယင်းနေ့ နေလည်ပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်နှင့် MNDAA တို့ ကိုးကန့်ခရိုင်၊ ရှင်ဝမ့်ဒေသလိုင်ဟုရှိ ရွာ၏ အနောက်ဘက်တွင် မိနစ်(၃၀)ကျော်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီတပ်၏ တပ်ရင်း (၁၂၇)နှင့် MNDAA တို့ မူပန်ခရိုင်၊ လိုင်းကျန်ဒေသတွင် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ၎င်းတိုက်ပွဲ(၂)ကြိမ်တွင် MNDAA ဘက်မှ ထိခိုက်ကျဆုံး မရှိသည့်အပြင် စစ်ကောင်စီတပ်ထံက စကားပြောစက်(၁)လုံးနှင့် ရိုင်ဖယ်သေနတ်(၁)လက်  သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်သည်။

ယနေ့ ဇန်နဝါရီလ(၂၄)ရက်တွင် နံနက်ကစတင်ကာ အကြမ်းဖက်စစ်ကောင်စီတပ်သည် တရုတ်နယ်စပ်ရှိ ကိုးကန့် မော်ထိုက်ဒေသမှ လက်နက်ကြီးကျည်(၈)လုံးဖြင့် ပစ်ခတ်ခဲ့သော်လည်း မည်သည့်နေရာကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း မသိဟု ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ(၂၁)ရက်မှ (၂၃)ရက်အထိ စစ်ကောင်စီသည် MNDAA ၏ မုံးကိုးခရိုင်၊ မန်ရန်တပ်စခန်း၊ ရှိကျိကျတောင်ကုန်း နှင့် ပန်ရှိတိုက်  စသောတပ်စခန်းများကို လက်နက်ကြီးများဖြင့်အကြိမ်ပေါင်း (၁၂၀)ကျော်ခန့် ပစ်ခတ်ခဲ့သည်ဟု MNDAA က သတင်းထုတ်ပြန်ထားသည်။