မကွေးတိုင်းဆေးရုံတွင် Covid-19 အတည်ပြုလူနာများအား စောင့်ရှောက်ကုသရာ၌ အထောက်အကူဖြစ်စေရန် နည်းပညာ တက္ကသိုလ်(မကွေး)က ရိုဘော့ထရော်လီ တီထွင်ပြီး လှူဒါန်း

မကွေးတိုင်းဆေးရုံတွင် Covid-19 အတည်ပြုလူနာများအား စောင့်ရှောက်ကုသရာ၌ အထောက်အကူဖြစ်စေရန် နည်းပညာ တက္ကသိုလ်(မကွေး)က ရိုဘော့ထရော်လီ တီထွင်ပြီး လှူဒါန်း
စက်တင်ဘာ 23, 2020
By Tachileik News Agency
မကွေးတိုင်းဆေးရုံတွင် Covid-19 အတည်ပြုလူနာများအား စောင့်ရှောက်ကုသရာ၌ အထောက်အကူဖြစ်စေရန် နည်းပညာ တက္ကသိုလ်(မကွေး)က  ရိုဘော့ထရော်လီ တီထွင်ပြီး လှူဒါန်း
မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် COVID-19 အတည်ပြုလူနာများအား စောင့်ရှောက်ကု သမှုပေးရာတွင် အထောက်အကူပြုနိုင်ရန်အတွက် အဝေးထိန်း သယ်ယူယာဉ်တစ်စီးကို နည်းပညာ တက္ကသိုလ်(မကွေး)မှ စက်တင်ဘာ(၂၂)ရက်နေ့က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
“ကိုဗစ်အတည်ပြုလူနာတွေနဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ ထိတွေ့မှု နည်းနိုင်သမျှနည်း အောင် ဆေးပေး ဆေးယူ၊ ထမင်းအစရှိတဲ့ ပစ္စည်းပေး ပစ္စည်းယူ ကိစ္စတွေမှာ နည်းပညာအထောက်အကူလေးနဲ့ ဆောင်ရွက်လို့ရအောင် ရည်ရွယ်ပြီး အီလက်ထရောနစ်အင်ဂျင်နီယာဌာန နောက်ဆုံးနှစ် ကျောင်းသူ ကျောင်းသားတွေနဲ့ ဆရာတွေ ပူးပေါင်းတီထွင်တည်ဆောက်ပြီး လှူဒါန်းတာပါ”ဟု နည်းပညာတက္က သိုလ်(မကွေး) ကျောင်းအုပ်ကြီး ပါမောက္ခချုပ် ဒေါက်တာမြနန္ဒာလွင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရွေ့လျားသယ်ယူယာဉ်တွင်  လူနာခန်းကို ဆရာဝန်နှင့် ဆေးဝန်ထမ်းများ လိုက်ပါစရာမလိုဘဲ ဖုန်းနှင့် ချိတ်ဆက်ကြည့်နိုင်သည့် CCTV ၊ ပိုးသတ်ဆေးဖြန်းကရိယာ၊ မည်သည့်လူနာအတွက် မည်သည့်ဆေးကို မည်မျှသောက်ရန် ညွှန်ကြားနိုင်သော အသံစနစ်များ ပါရှိပြီး   သယ်ယူယာဉ်ပေါ် ဆေးနှင့် လိုအပ်သည့်ပစ္စည်းများ တင်ပေးလိုက်ရုံဖြင့် ဖုန်းနှင့် ရီမုကွန်ထရိုးကိုသုံး၍ ဆောင်ရွက်နိုင်ကြောင်း သိရသည်။
“အခုလို ရိုဘော့ထရော်လီလေး ရရှိတော့ ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေ ပိုးတွေ့ အတည်ပြုလူနာနဲ့ ထိတွေ့မှုနည်းနိုင်သမျှ  နည်းသွားစေမှာဖြစ်လို့ အတော်ကြီးကို အထောက်အကူ ဖြစ်စေမှာပါ။ တီထွင်လှူဒါန်းပေးတဲ့ နည်းပညာတက္ကသိုလ်(မကွေး)က ဆရာ၊ ဆရာမတွေနဲ့ ကျောင်း သား ကျောင်းသူတွေကိုလည်း အထူး ကျေးဇူးတင်ပါတယ်”ဟု မကွေးတိုင်းပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဝင်းဌေးက ပြောသည်။
အဆိုပါ ယာဉ်တည်ဆောက်ရန်အတွက် ကုန်ကျငွေ ကျပ်(၁၈)သိန်းဝန်းကျင်ရှိပြီး နိုင်ငံတော်မှ ကျောင်း ၏ သုတေသန ဆောင်ရွက်နိုင်ရန် ဘတ်ဂျက်ချထားပေးသည့် ငွေထဲက  သုံးစွဲတည်ဆောက်၍ လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးတွင် ၂၀၂၀ခုနှစ် စက်တင်ဘာလ(၂၃)ရက်နေ့အထိ  COVID-19 အတည်ပြုလူနာ (၂၈)ဦး ပေါ်ထွက်ခဲ့ပြီး  မကွေးတိုင်းဆေးရုံကြီး၌ (၈)ဦးမှာ ဆေးဝါးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်
ဓါတ်ပုံ - တိုင်းဆေးရုံ
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~